မန္တလေး ချမ်းမြသာစည်မြို့နယ်ရဲရုံးရှေ့ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ဗုံးထု၊ မြို့နယ်ရဲမှူး အပါအဝင် စကစရဲ ခုနှစ်ယောက် ထိခိုက်ဟုဆို၊

မန္တလေး ချမ်းမြသာစည်မြို့နယ်ရဲရုံးရှေ့ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ဗုံးထု၊ မြို့နယ်ရဲမှူး အပါအဝင် စကစရဲ ခုနှစ်ယောက် ထိခိုက်ဟုဆို၊

MFP ၊ နိုဝင်ဘာ - ၇

မန္တလေး ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း-မန္တလေးလမ်းပေါ်က ချမ်းမြသည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ မနေ့က ညနေပိုင်း ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူး အပါအဝင် စစ်ကောင်စီ သစ္စာခံ ရဲ ခုနှစ်ယောက် ဒဏ်ရာရတယ်လို့ အဲ့ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ Special Test Force - Mandalay (STF-MDY) က MFP ကို ပြောပါတယ်။

နိုဝင်ဘာ(၆)ရက် မနေ့က ညနေ(၄)နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် (၈၄) လမ်း (စစ်ကိုင်း-မန္တလေးလမ်း)ပေါ်မှာ သေနတ်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီသစ္စာခံ ရဲတွေကို ဗုံးထု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဒီကောင်တွေက သေနတ်ကိုင်ပြီး အစာတောင်းဖို့ ပြင်ဆင်နေတဲ့အချိန် လျှက်ဆားကျွေးခဲ့တာပါ" လို့ STF - MDY တပ်ဖွဲ့က MFP ကို ပြောပါတယ်

အဲ့ဒီ တိုက်ခိုက်မှုကြောင့် ချမ်းမြသာစည်မြို့နယ် စစ်ကောင်စီ သစ္စာခံ မြို့နယ်ရဲမှူး အပါအဝင် စကစရဲ ခုနှစ်ယောက် ထိခိုက်ဒဏ်ရာရကာ လူနာတင်ယာဉ် သုံးစီးနဲ့ ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဘက်ကလည်း ပြန်လည် ရမ်းကား ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ သစ္စာခံတွေကို ဆက်လက်တိုက်ခိုက်မှာမို့ ပြည်သူတွေအနေနဲ့ သူတို့အနား မကပ်ဖို့လည်း STF-MDY က မေတ္တာရပ်ခံထားပါတယ်။

ဗုံးပေါက်ကွဲချိန် ရဲစခန်းရှေ့ ဖြတ်သန်းသွားတဲ့ မော်တော်ယာဉ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြပါတယ်။

ဒီနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကလုပ်တဲ့ ပွဲတွေအပါအဝင် ပျော်ပွဲရွှင်ပွဲနေရာတွေကို သတိထား သွားလာကြဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ နေ့ည အချိန်မရွေး လုပ်ဆောင်နေသလို ဧည့်စာရင်းအကြောင်းပြ စစ်ဆေးကာ ဖမ်းဆီးငွေညှစ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ချမ်းမြသာစည်မြို့နယ်ရဲမှူးရုံး #ဗုံးပစ်ခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ