ညောင်ဦး ငါ့သရောက်မြို့ ရဲစခန်းအနီးက အိမ်တွေ မီးရှို့ခံရ၊ PDF တွေ မီးပုလင်းနဲ့ လာပစ်သွားတာလို့ စစ်အုပ်စုက ပေါ်တင်လိမ်၊

ညောင်ဦး ငါ့သရောက်မြို့ ရဲစခန်းအနီးက အိမ်တွေ မီးရှို့ခံရ၊ PDF တွေ မီးပုလင်းနဲ့ လာပစ်သွားတာလို့ စစ်အုပ်စုက ပေါ်တင်လိမ်၊

MFP ၊ နိုဝင်ဘာ - ၂

မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ အမှတ်(၂)ရပ်ကွက်၊ ရဲစခန်းနှင့် မနီးမဝေးက နေအိမ်တချို့ မနေ့က ညပိုင်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၉)ရက်က ငါ့သရောက်မြို့ အမှတ်(၂)ရပ်ကွက်က ရဲစခန်း စီးနင်းတိုက်ခိုက်ခံရကာ စစ်ကောင်စီ သစ္စာခံ ရဲ(၁၁)ယောက် သေပြီးနောက် စစ်အုပ်စုက ငါ့သရောက်မြို့ အဝင်အထွက်ကအစအတင်းအကျပ် စစ်ဆေးနေပြီး မြို့အနှံ့ ကင်းပုန်းတွေဝပ်နေချိန် ရဲစခန်းနှင့်မနီးမဝေးက နေအိမ်တချို့ မီးရှို့ခံရတာလို့ ဆိုပါတယ်။

ငါ့သရောက်မြို့က နေအိမ်တချို့ မီးရှို့ခံရတာဟာ PDF တွေက မီးပုလင်းနဲ့ လာပစ်သွားတာကြောင့်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုက ငါ့သရောက်တမြို့နယ်လုံး၊ တနယ်လုံးကို ပိုက်စိပ်တိုက် စစ်ဆေးနေပြီး ကင်းပုန်းတွေပါ ထားရှိတာကြောင့် တော်လှန်ရေး အဖွဲ့အစည်းတွေက လာပြီး မီးရှို့မှာ မဟုတ်သလို ပြည်သူတွေကလည်း လုပ်တာမဟုတ်ဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ သူတို့ပဲ ကင်းစောင့်တယ်ဆိုပြီး နေတာ၊ ဘယ်ပြည်သူကမှ မရှို့ဘူး၊ သူတို့ပဲ ရှို့မှာပေါ့၊ သူတို့က မြို့အနှံ့ ကင်းပုန်းတွေပါ ရှိနေတော့ ဘယ် PDF မှလည်း မလာနိုင်ဘူး “ လို့ သူက ပြောပါတယ်။

မီးပုလင်းနဲ့ ပစ်ပေါက်ပြေးသွားတာဖြစ်ပြီး နေအိမ်သုံးလုံး ထက်မနည်း လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာ (၂၉) ရက် ညနေပိုင်းက မြင်းခြံခရိုင် တပ်ရင်း(၃)၊ တပ်ခွဲ(၂) - TTA ပြောက်ကျားတပ် (တောင်သာ)နှင့် မြင်းခြံခရိုင် တပ်ရင်းက တပ်ဖွဲ့တွေ ပူးပေါင်းပြီး ညောင်ဦးမြို့နယ် ငါ့သရောက်ရဲစခန်းကို စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူး ရဲအုပ်အေးကျော် အပါအဝင် စစ်ကောင်စီ သစ္စာခံ ရဲ (၁၁) ဦး သေပြီး သေနတ် ခုနှစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ TTA - ပြောက်ကျားတပ် (တောင်သာ)က ထုတ်ပြန်ထားပါတယ်။ အဲဒီ ငါ့သရောက်ရဲစခန်းတိုက်ပွဲမှာ TTA - ပြောက်ကျားတပ်ရဲ့ ဒု-ခေါင်းဆောင် အသက် (၂၁) နှစ်အရွယ် ကိုဝေဖြိုး(ခေါ်) ဝင်းကိုရှိန် ကျဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ (၂၉) ရက်က စတင်ပြီး ငါ့သရောက်၊ တောင်သာ၊ ကျောက်ပန်းတောင်းနယ်က ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေကာ စီးနင်းစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါ့သရောက် #နေအိမ်မီးရှို့ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ