ဆက်ကြေးကောက်ပြီး အဝေမတည့်လို့ အဖမ်းခံရတဲ့ မန္တလေးက ပျူဖိုးတုတ် ပြန်လွတ်လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်နေ၊

ဆက်ကြေးကောက်ပြီး အဝေမတည့်လို့ အဖမ်းခံရတဲ့ မန္တလေးက ပျူဖိုးတုတ် ပြန်လွတ်လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်နေ၊

MFP ၊ အောက်တိုဘာ - ၁၃

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်း၊ ဇီးအုပ်ဘက်မှာ ဓားပြတိုက်၊ လုယက်၊ ဆက်ကြေးကောက်ပြီး စစ်အုပ်စုအတွက် ငွေရှာပေးနေတဲ့ ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဖိုးတုတ်ဆိုသူ ခိုးရာပါ ပစ္စည်း အဝေမတည့်လို့ အဖမ်းခံခဲ့ရပေမယ့် လက်ရှိမှာ ပြန်လွတ်လာပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ခိုးရာပါပစ္စည်း အဝေမတည့်ရာက ရဲက မကျေနပ်လို့ ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြင့်လွင်နဲ့ တပည့် ပျူဖိုးတုတ်(ခ) တင်မျိုးဝင်းတို့ကို စစ်အုပ်စုက အောက်တိုဘာ(၅)ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိမှာ ပျူဖိုးတုတ်က ပြန်လွတ်လာပြီး မြင့်လွင်နေရာ အစားထိုးကာ ရပ်ကွက်အုပ်ကြီးအဖြစ် လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

" ဖိုးတုတ်က စခတွေကို သိန်း(၁၀၀)ပေးပြီး လွတ်လာတာလို့ ကြားတယ်။ အခု သူ့ဆရာနေရာမှာ အုပ်ကြီးဆိုပြီး ဝင်လုပ်နေတာ၊ စကစတွေနဲ့ ဘယ်လို ညှိနှိုင်းလာကြသလဲတော့ မသိရဘူး " လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

ကံကြီးကုန်းရပ်ကွက် အုပ်ကြီးနဲ့ ပျူအဖွဲ့ဟာ စစ်အုပ်စု အောက်ဆွဲအဖြစ် လုပ်ကိုင်နေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ဓားပြတိုက် လုယက်တာ၊ စစ်အုပ်စုအတွက် ဆက်ကြေးကောက်ပေးတာ၊ စစ်အုပ်စုက ပေးထားတဲ့ လက်နက်နဲ့ ပြည်သူကို မိုက်ကြေးခွဲပြီး စစ်အုပ်စုအတွက် ငွေရှာပေးတာတွေ လုပ်နေသလို ခရိုနီကုမ္ပဏီတွေနဲ့ ပေါင်းကာ ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်အဖြစ် ဖွဲ့စည်းထားတဲ့ ကံကြီးကုန်း၊ ဇီးအုပ်ကွက်သစ် ရပ်ကွက်တွေထဲက နေအိမ်တွေကို ကျူးကျော်ဆိုပြီး ဝင်ရောက်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ပျူဖိုးတုတ်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ကြီး ဖြစ်လာပြီးနောက် စစ်အုပ်စုအတွက် ငွေပိုမိုရှာပေးနေပြီး ခရိုနီတွေ ခိုင်းစေတဲ့အတိုင်း ဇီးအုပ်ကွက်သစ်ထဲက ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" ဖိုးတုတ်ရဲ့ဆရာ မြင့်လွင်မှာ ယခုချိန်ထိ နန်းတွင်းဧည့်ရိပ်သာ တစ်ခုမှာ ဖမ်းဆီးထားသည်ဟု သိရ၊ ၎င်း ပျူစောထီး ဖိုးတုတ်ဟာ ရပ်ကွက်နေ ပြည်သူများအား အပြစ်မရှိ အပြစ်ရှာ၍ ရပ်ကွက်ရုံးသို့ခေါ်ကာ ဖမ်းဆီးငွေညစ်ခြင်း ခရိုနီများနှင့် ပေါင်းကာ ဇီးအုပ်ကွက်သစ်ရှိ နေအိမ်အလုံး (၅၀၀)ခန့်အား ဖျက်ဆီး၍ ရပ်ကွက်နေ ပြည်သူများအား အိုးအိမ်မဲ့အောင် လုပ်၍ ခရိုနီများက ပေးသော ငွေများကိုယူ၍ အကြမ်းဖက် စကစနှင့် ပေါင်းစားခြင်း၊ တော်လှန်ရေး အင်အားစုများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများကို လုပ်ဆောင်နေသည့် သူတစ်ယောက်လည်း ဖြစ်ပါတယ်၊ အကြမ်းဖက် စကစမှ ၎င်းကို ပစ္စတို တစ်လက် ပေးထားပါတယ် " လို့ ပြည်ကြီးတံခွန် သပိတ်အင်အားစု - မန္တလေးက ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ် ရပ်ကွက်တွေက လောင်းကစားသမားတွေ၊ ပျူတွေ၊ ထောင်ထွက်တွေကို ရပ်ကွက် အုပ်ချူပ်ရေးမှူးတွေ အဖြစ်ခန့်ကာ လက်နက်ထုတ်ပေးထားပြီး ဓားပြတိုက်၊ လုယက်၊ ဆက်ကြေးကောက်ကာ ငွေရှာပေးဖို့ ခိုင်းစေထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကွက်သစ်က စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖိုးတုတ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကံကြီးကုန်း #ဇီးအုပ် #အုပ်ချုပ်ရေးမှူး #ပျူစောထီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ