မန္တလေးမှာ စစ်အုပ်စုက ဧည့်စာရင်းစစ်ပြီး ငွေညှစ်နေလို့ ပြည်သူတွေ ရပ်ကွက်ရုံးကို ငွေပေးပြီး ဧည့်စာရင်း တိုင်နေရ၊

မန္တလေးမှာ စစ်အုပ်စုက ဧည့်စာရင်းစစ်ပြီး ငွေညှစ်နေလို့ ပြည်သူတွေ ရပ်ကွက်ရုံးကို ငွေပေးပြီး ဧည့်စာရင်း တိုင်နေရ၊

MFP ၊ အောက်တိုဘာ - ၂၀

မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုက ဧည့်စာရင်းစစ်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်နေလို့ မြို့ခံတွေ မဖြစ်မနေ ဧည့်စာရင်းတိုင်နေရတယ်လို့ မန္တလေး မြေပြင် ကင်းထောက်အဖွဲ့တွေနှင့် ဒေသခံတွေက ပြောပါတယ်။

"အဓိကတော့ ဒလန်တွေ၊ ပျူတွေက စောင့်ကြည့်ပြီး လူငယ်တွေ အသွားအလာ အဝင်အထွက် များတဲ့နေရာ။ ဝပ်ရှော့တို့၊ အလုပ်ရုံတို့လို လူငယ်တွေ ရှိတဲ့နေရာတွေကို ရှောင်တခင် ဝင်စစ်တာ။ ညသန်းခေါင်းကျော်တွေနဲ့ ရုတ်တရက် စစ်ကားတွေနဲ့ ဝင်လာပြီး စစ်တာမျိုး ကြုံရတယ်" လို့ ကိုယ်တိုင်ကြုံခဲ့ရသူ မန္တလေးမြို့သစ်နေသူတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ ပေါက်ကွဲမှု၊ ဆနဒပြမှု၊ စစ်ကောင်စီ လက်ပါးစေတွေ တိုက်ခိုက်ခံရမှု တစ်ခုခုဖြစ်တိုင်း အဲ့ဒီ ရပ်ကွက်ကို စစ်အုပ်စုက သောင်းကျန်းစစ်ဆေးပြီး ပြည်သူကို ရန်ပြုလေ့ရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာ(၁၉)ရက်မှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီးအနီး မာလကာခြံ နှင့် အမှတ်(၁၀) ရဲစခန်းတဝိုက်မှာ စစ်အုပ်စုက နှစ်ရက်ဆက် ဧည့်စာရင်း စစ်ပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ မန္တလေးမြေပြင် ကင်းထောက် Vomdy က ဖော်ပြပါတယ်။

"(၁၉)ရက်နေ့ ည(၁၂)နာရီဝန်းကျင်လောက် ဘုရားကြီး၊ ကျွန်းလုံးဥသျှောင်ထဲက ဧည့်စာရင်း စစ်ရင်းနဲ့ လူငယ် တစ်ယောက် ဆွဲသွားပါတယ်။ နာမည်က စည်သူလို့ သိရ။ ဘာကြောင့်ဖမ်းသွားသည်ဆိုတာမသိရှိရသေး" လို့ Vomdy က ဆိုပါတယ်။

စစ်အုပ်စုက ဧည့်စာရင်းစစ်ရင်း ပြည်သူကို ဖမ်းဆီးငွေညှစ်နေပြီး PDF နှင့် ဆက်နွှယ်သူ မဟုတ်ဘဲ သာမန်ပြည်သူ ဖြစ်ပါက မန္တလေးမြို့ပေါ်မှာ ကျပ်(၁၀)သိန်းနဲ့ ရွေးထုတ်လို့ ရပြီး မန္တလေးတိုင်းထဲက တခြားမြို့ရွာတွေမှာတော့ တစ်ယောက်ကို ကျပ်ခုနှစ်သိန်း တောင်းတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ စစ်အုပ်စုနှင့် ပျူတွေ စ=တစတစ ပိုမိုကြီးစိုး သောင်းကျန်းလာနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့၊ (၃၅)လမ်း၊(၈၉)လမ်းနှင့် လမ်း(၉၀)ကြားက ဒေးဝန်းရပ်ကွက်ရုံးရှေ့မွာ ဧည့်စာရင်းတိုင်ဖို့ တန်းစီစောင့်ဆိုင်းနေသူတွေကို မနေ့က အောက်တိုဘာ(၁၉)ရက် မနက်(၁၁)နာရီမှာ တွေ့ရစဉ်/Photo - Vomdy

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဧည့်စာရင်း #ရပ်ကွက် #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ