မြောင်မှာ နေအိမ်မီးဖိုချောင်ထဲ မိုင်းနင်းမိကာ အသက်(၆၀)အရွယ် အဖွားတစ်ဦး သေဆုံး၊ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားပြီး ဘုန်းကြီးကျောင်း၊ အိမ်၊ လမ်းနှင့် ဇရပ်တွေမှာ မိုင်းထောင်၊

မြောင်မှာ နေအိမ်မီးဖိုချောင်ထဲ မိုင်းနင်းမိကာ အသက်(၆၀)အရွယ် အဖွားတစ်ဦး သေဆုံး၊ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားပြီး ဘုန်းကြီးကျောင်း၊ အိမ်၊ လမ်းနှင့် ဇရပ်တွေမှာ မိုင်းထောင်၊

MFP ၊ အောက်တိုဘာ - ၆

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မင်းလှကျေးရွာမှာ ဒီမနက်ပိုင်း အသက်(၆၀)အရွယ် အဖွားတစ်ဦး နေအိမ် မီးဖိုချောင်အတွင်း စစ်အုပ်စု ထောင်ထားခဲ့တဲ့ မိုင်းနင်းမိကာ ကွယ်လွန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ(၆)ရက် မနက်(၅)နာရီက မြောင်မြို့နယ် မင်းလှကျေးရွာက အသက်(၆၀)အရွယ် ဒေါ်တင်စန်းဟာ ဘုရားဆွမ်းကပ်အပြီး နေအိမ်မီးဖိုချောင်းအနီးမှာ မိုင်းနင်းမိပြီး ဆုံးပါးတာလို့ ဆိုပါတယ်။

“စခတွေ မင်းလှကျေးရွာတွင် စစ်ကြောင်းထိုး တပ်စွဲသွားတုန်းက ပြည်သူနေတဲ့ အိမ်တွေထဲ ရည်ရွယ်ချက်ရှိရှိ နင်းမိုင်း ထောင်ထားခဲ့ခြင်း ဖြစ်သည်” လို့ မြောင်နယ်က တော်လှန်ရေး ရဲဘော်တစ်ဦးဖြစ်တဲ့ ဗိုလ်ယက္ခ က ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းက မြောင်မြို့နယ် မင်းလှကျေးရွာထဲ ဝင်မွှေလုယက် ဓားပြတိုက်ခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်ချိန်မှာ မိုင်းတွေ ထောင်းထားခဲ့တာ ဖြစ်နိုင်ကြောင်းနှင့် ဒီမနက်ပိုင်းမှ စစ်အုပ်စု ထောင်ထားတဲ့မိုင်း နင်းမိကာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။

“မြောင်နယ် မင်းလှကျေးရွာမှာ သြဂုတ်(၄)ရက် ခွေများ စစ်ကြောင်း ဝင်စဉ်က မီးဖိုချောင်အတွင်း ခွေးများ ထောင်ထားခဲ့သော နင်းမိုင်းမိသဖြင့် အသက် (၆၀)အရွယ် ဒေါ်တင်စန်းမှာ သေဆုံးခဲ့ရပါသည်။ စက်တင်ဘာ (၅)ရက်ကလည်း မြောင်နယ် ကျေးရွာတစ်ရွာ စစ်ဘေးရှောင်များ ခိုလှုံလေ့ရှိသော ဘုန်းကြီးကျောင်းအတွင်း စစ်ခွေးများမှ နင်းမိုင်း သုံးလုံး ထောင်ထားခဲ့သည်ကို ဗိုလ်တောက်ထွန်းအဖွဲ့မှ ရှင်းလင်း ပေးခဲ့ရပါသည်” လို့ ကိုနွေဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ မြောင်မြို့နယ် ကျေးရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက်ရာမှာ ဖမ်းမိတဲ့ ပြည်သူကို သတ်-ဖြတ်ပြီး ထွက်ပြေးတဲ့ ဒေသခံတွေကို ပစ်မှတ်ထားကာ ဘုန်းကြီးကျောင်း၊ အိမ်၊ လမ်းနှင့် ဇရပ်တွေမှာ မိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပြည်သူနှင့် PDF များ အထူးဂရုစိုက်ဖို့ လိုလာသည့် အချက်များ - ယခုအခါ စစ်ခွေးများသည် ပြည်သူအိမ်နှင့် စစ်ဘေးရှောင်များ နေထိုင်သည့် ဘာသာရေး အဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများ ပြုလုပ်လာပါသဖြင့် ပြည်သူများအနေဖြင့် စစ်ကြောင်း ပြန်ထွက်သည်နှင့် မသင်္ကာသည့် နေရာများအား နီးစပ်ရာ ကာကွယ်ရေးအဖွဲ့များအား စစ်ဆေးခိုင်းပြီးမှ ဝင်ထွက်သွားလာကြဖို့ သတိပေးလိုပါသည်” လို့ ကိုနွေဦးက သတိပေးပါတယ်။

မြောင်နှင့် ထိစပ်နေတဲ့ ရေစကြိုနယ် ရေလည်ကျွန်းဒေသ ကျေးရွာတွေထဲ စစ်အုပ်စု ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းရာမှာလည်း ပြည်သူတွေကို ပစ်မှတ်ထားပြီး မိုင်းထောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်နှင့် ရေစကြိုနယ် ရေလည်ကျွန်းဒေသထဲ စစ်အုပ်စု ထောင်ထားခဲ့တဲ့ မိုင်းတွေ/Photo - ကိုနွေဦး

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #မင်းလှရွာ #မိုင်း #အဖွားအို #မီးဖိုချောင် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ