မြင်းခြံမှာ ဧရာဝတီမြစ်ထဲ လှည့်မွှေနေတဲ့ စစ်ရေယာဉ်တွေကို တိုက်ခိုက်၊ စကစ တစ်ယောက် သေဟုဆို၊

မြင်းခြံမှာ ဧရာဝတီမြစ်ထဲ လှည့်မွှေနေတဲ့ စစ်ရေယာဉ်တွေကို တိုက်ခိုက်၊ စကစ တစ်ယောက် သေဟုဆို၊

MFP သြဂုတ် - ၂၇

မန္တလေးနှင့် မကွေးတိုင်း အစပ်၊ မြင်းခြံနှင့် ရေစကြိုနယ်ထဲ ဧရာဝတီ မြစ်ကြောင်းတလျှောက် လှည့်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်၊ သင်္ဘောတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စကစ တစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရတယ်လို့ PEOPLE’S DEFENCE FORCE MANDALAY (MDY-PDF) က သတင်း ထုတ်ပြန်ပါတယ်။

ဧရာဝတီ မြစ်ကြောင်းအတိုင်း လှည့်မွေသောင်းကျန်းနေပြီး တွေ့သမျှ ပြည်သူ့ရေယာဉ်တွေကို မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်းကာ မြစ်ကမ်းဘေးရွာတွေကိုလည်း လစ်ရင်လစ်သလို လုယက်နေတဲ့ စစ်အုပ်စုရဲ့ ရေယာဉ် သင်္ဘောတွေကို သြဂုတ်(၂၂)ရက် မနက်ပိုင်းက ညီနောင် မဟာမိတ် ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဧရာဝတီ မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသော စစ်ကောင်စီ ဆီသယ်ရေယာဉ်အား လုံခြုံရေး ပေး၍ လိုက်ပါလာသော စခ အမြန်ရေယာဉ်အား ကျွန်ုပ်တို့ မဟာမိတ်တပ်ပေါင်းစုက ဆီးကြို၍ တိုက်ခိုက်ခဲ့ရာ စခ တစ်ကောင် ငရဲရောက်၍ တစ်ကောင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိခဲ့ရသည်” လို့ MDY PDF ခေါင်းဆောင် ဗိုလ်နက္ခတ် က ဆိုပါတယ်။

ဒါ့အပြင် သြဂုတ်(၂၂)ရက် ညနေပိုင်းမှာလည်း မြစ်ကြောင်းအတိုင်း ထပ်မံ ဆန်တက်လာတဲ့ စစ်သင်္ဘောကြီး သုံးစီးကို ထပ်မံစောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုကဘက်က (၄၀မမ)၊ (၆၀မမ) လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခက်လို့ မဟာမိတ်တပ်ပေါင်းစု ရဲဘော်တွေ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ထဲ စစ်ရေယာဉ်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ သြဂုတ်(၂၂)ရက်က မြင်းခြံမြိုနယ် ဆီမီးခုံ ဆိပ်ကမ်းမှာ အထိုင်ချထားတဲ့ အမြန်သွား ကင်းလှည့်ရေယာဉ်ကို မကွေးတိုင်း ရေစကြိုမြိုနယ်၊ မြေတော်ကျေးရွာအနီးမှာ PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ (MA-7) တာဝေးပစ် ဗုံးသီး လေးလုံးနှင့် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ မြင်းခြံနယ် ဆီမီးခုံ ဆိပ်ကမ်းမှာ စစ်သင်္ဘောတစ်စီး အပါအဝင် စစ်ရေယာဉ်တွေ အထိုင်ချထားပြီး အဲ့ဒီ ရေယာဉ်တွေပေါ်က စစ်အုပ်စုဟာ မြစ်ကြောင်းအတိုင်း သွားလာသမျှ ပြည်သူ့ရေယာသ်တွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #မကွေး #ရေစကြို #PDF #MDYPDF #စစ်ရေယာဉ် #သင်္ဘေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ