မန္တလေး - ဗန်းမော် ဗျူဟာလမ်းပေါ် စစ်အုပ်စုက မိုင်းတွေ ထောင်ထားလို့ ပြည်သူတွေ ဂရုပြု သွားလာကြဖို့ တကောင်း ပကဖ သတိပေး

မန္တလေး - ဗန်းမော် ဗျူဟာလမ်းပေါ် စစ်အုပ်စုက မိုင်းတွေ ထောင်ထားလို့ ပြည်သူတွေ ဂရုပြု သွားလာကြဖို့ တကောင်း ပကဖ သတိပေး

MFP ၊ အောက်တိုဘာ - ၁၇

မန္တလေး - ဗန်းမော် ဗျူဟာလမ်းတလျှောက် စစ်အုပ်စုက နင်းမိုင်း၊ တိုက်မိုင်းတွေ ထောင်ထားတဲ့အတွက် လမ်းအသုံးပြုကြမယ့် ခရီးသွားတွေနဲ့ ဒေသခံပြည်သူတွေ ဂရုတစိုက် သွားလာကြဖို့ တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က သတိပေးပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ထဲ ဖြတ်သန်းသွားလာမယ့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်တွေအနေနဲ့ တကောင်းလမ်းဆုံကနေ ပေါ်တော်မူရွာ တလျှောက်မှာ မိုင်းအန္တရာယ်ကြောင့် သတိပြုသွားလာကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးကတက်လာတဲ့ စစ်သင်္ဘောတွေကြောင့်လည်း ရေကြောင်းကမ်းနားရှိ ရွာတွေထဲ စစ်အုပ်စုက အင်အား အများအပြားနဲ့ ရွာစဥ်ပတ်မွှေနေပြီး တချို့ရွာတွေထဲ စီးနင်းအထိုင်ချနေကာ ကမ်းနားနီးစပ်ရွာတွေက ဒေသခံပြည်သူတွေကိုလည်း ရန်ပြုခြိမ်းခြောက် နှင်လွှတ်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဖော်ပြပါတယ်။

“ တုံငယ်၊ ဘိုကုန်းအစရှိသော မြစ်အနောက်ဖက်ကမ်းမှရွာများနှင့် မြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းများအား မှီခိုအားထားကာ အလုပ်လုပ်ကိုင်နေသော ကျွန်းပေါ်ရှိပြည်သူများ ခေတ္တရှောင်ရှားစေလိုပြီး ပေါ်တော်မှုလမ်းပိုင်း တလျှောက်အား စူးစမ်းလေ့လာခြင်း၊ အချိန်အတော်ကြာ ရပ်ဆိုင်း၍ တစုံတခုပြုလုပ်ခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ပါရန် အထူးအသိပေးတားမြစ်ပါသည် “ လို့ တကောင်း (ပကဖ) က ဆိုပါတယ်။

ဗန်းမော်-မန္တလေးကားလမ်းတစ်လျှောက်ဟာ စစ်အုပ်စုထောင်တဲ့ မိုင်းတွေအပြင် စစ်အုပ်စုယာဉ်တန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် ပြည်သူတွေ သတိထားဖြတ်သန်းကြဖို့လိုအပ်တယ်လို့ ဒေသခံတို့က ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တကောင်း #စစ်အုပ်စုကမိုင်းထောင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ