မန္တလေး အောင်ပင်လယ်က တည်းခိုခန်းမှာ လူငယ်လေးဦး ဖမ်းဆီးခံရ၊ KIA၊PDF တွေလို့ စစ်အုပ်စုက သတင်းဖြန့်၊ မန္တလေးက ဟိုတယ်၊ တည်းခိုခန်းတွေ အားလုံး တည်းခိုသူတွေရဲ့ အချက်အလက်တွေ စစ်အုပ်စုထံ သတင်းပို့နေရ၊

မန္တလေး အောင်ပင်လယ်က တည်းခိုခန်းမှာ လူငယ်လေးဦး ဖမ်းဆီးခံရ၊ KIA၊PDF တွေလို့ စစ်အုပ်စုက သတင်းဖြန့်၊ မန္တလေးက ဟိုတယ်၊ တည်းခိုခန်းတွေ အားလုံး တည်းခိုသူတွေရဲ့ အချက်အလက်တွေ စစ်အုပ်စုထံ သတင်းပို့နေရ၊

MFP ၊ သြဂုတ် - ၁၄

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကြမ်းဖက် စစ်အုပ်စုရဲ့ အောင်ပင်လယ် ရဲစခန်းအနီးက တည်းခိုခန်းတစ်ခုမှာ တည်းခိုနေတဲ့ လူငယ်လေးဦးကို KIA သင်တန်းဆင်း PDF တွေလို့ စွပ်စွဲကာ မနေ့ ညနေပိုင်းမှာ စစ်အုပ်စုက စီးနင်းဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ်(၁၃)ရက် ညနေ(၅)နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ (၅၃)လမ်းနှင့် ၁၁၁(စီ)လမ်းထောင့်မှာ ရှိတဲ့ နန်းတော်ဝင် တည်းခိုခန်းကို စစ်အုပ်စုက ဝင်စီးနင်းပြီး လူငယ်လေးဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုကတော့ မန္တလေးပြည်သူ့စစ်တွေရဲ့ သတင်းပေးချက်အရ တည်းခိုခန်းမှာ မသင်္ကာစရာ အမျိုးသား လေးဦး ရောက်နေကြောင်း သတင်းရလို့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဖမ်းမိသူတွေဟာ ဆန်းဝင်းကို (ခ)ဗိုလ်ခါး၊ (၁၉)နှစ်၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ စိုင်းဖြိုးဇော်(ခ)စိုင်းလေး၊ (၂၁)နှစ်၊ မြဟင်္သာရပ်ကွက်၊ အမရပူရမြို့နယ်၊ မိုးညို၊ (၂၁)နှစ်၊ သမ္မတောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နှင့် ထွန်းထွန်းဝင်း (ခ)လမဲ၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တို့ ဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ဖမ်းမိတဲ့သူ လေးဦးဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က နမ္မတူမြို့နယ် တောတွင်းတနေရာမှာ KIA က ဖွင့်တဲ့ PDF သင်တန်း အပတ်စဉ်(၄)ကို တက်ရောက်ခဲ့ပြီး KIA မှာ ဆက်လက် တာဝန်ထမ်း ဆောင်ခဲ့သူ၊ PDFတွေ ဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပြီး လက်ရှိမှာ အောင်ပင်လယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးနေတယ်လို့ သတင်းဖြန့်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေနှင့် ပတ်သက်လို့ MFP အနေနဲ့ အသေးစိတ် အခြေအနေတွေ မသိရသေးပါဘူး။

လက်ရှိမှာ မန္တလေးမြို့ပေါ်က တည်းခိုခန်းတွေ၊ ဟိုတယ်တွေ အားလုံးဟာ နေ့စဉ် တည်းခိုသူ စာရင်းကို စစ်အုပ်စုထံ သတင်းပို့ပေးနေရပြီး လူကိုယ်တိုင် သတင်းပို့စရာ မလိုဘဲ ဖုန်းတွေ၊ ဗိုက်ဘာတွေကတဆင့် စကစခန့် အုပ်ကြီးနှင့် ပျူတွေ၊ ရဲတွေကို လာရောက်တည်းခိုသူ ဧည့်သည်တွေရဲ့ အချက်အလက်တွေ ပေးပို့နေရတာလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြိူ့ပေါ်က ရပ်ကွက်အလိုက် ပျူတွေ၊ သတင်းပေးတွေနှင့် အုပ်ကြီးတွေကို လက်နက်ထုတ်ပေးကာ ပြည်သူ့စစ် အဖွဲ့ ဆိုပြီး ဖွဲ့စည်းထားကာ အာဏာသမိးမှု ဆန့်ကျင်သူတွေကို ဖိနှိပ်ဖြိုခွင်း၊ ဥပဒေမဲ့ သ-တ်-ဖြတ် သောင်းကျန်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ အောင်ပင်လည်ရပ်ကွက်က တည်းခိုခန်းတစ်ခုမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ လူငယ်လေးဦး/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အောင်ပင်လည် #တည်းခိုခန်း #လူငယ် #ဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ