မီးပိတ်သပိတ်မှာ ပါဝင်သူတွေကို မီတာပုံးဖြုတ်သိမ်းပြီး လူကို အရေးယူမယ်လို့ စစ်အုပ်စု ခြိမ်းခြောက်၊

မီးပိတ်သပိတ်မှာ ပါဝင်သူတွေကို မီတာပုံးဖြုတ်သိမ်းပြီး လူကို အရေးယူမယ်လို့ စစ်အုပ်စု ခြိမ်းခြောက်၊

MFP ၊ အောက်တိုဘာ - ၂၈

စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကျဲလို့ ဆုံးပါးခဲ့ရတဲ့ ကချင်ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဒီနေ့ အောက်တိုဘာ(၂၈)ရက် ည(၈)နာရီခွဲအချိန် နိုင်ငံတဝန်း မီးပိတ်သပိတ် ဆင်နွှဲဖို့ ပြင်ဆင်နေချိန် မီးပိတ်သပိတ်မှာ ပါဝင်သူတွေကို မီတာပုံးဖြတ်သိမ်းပြီး လူကိုလည်း အရေးယူမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ပါတယ်။

မီးပိတ်သပိတ်မှာ ပါဝင်သူတွေကို မီတာပုံးဖြုတ်သိမ်းကာ ဖမ်းဆီးအရေးယူမယ်လို့ ဆိုပြီး လက်ရှိမှာ မီးပိတ်သပိတ် လုပ်ဖို့ လူမှုကွန်ယက်မှာ ဖြန့်ဝေသူတွေကိုပါ ဖမ်းဆီးနေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

မီးပိတ်သပိတ်မှာ ပါဝင်သူတွေကို ပျူတွေ၊ ဒလန်တွေက စောင့်ကြည့်ပြီး စစ်အုပ်စုကို သတင်းပေးဖို့လည်း စစ်လော်ဘီတွေရဲ့ တယ်လီဂရမ် ချန်နယ်တွေက တိုက်တွန်းပြောဆိုတာတွေ ရှိနေပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ငွေညှစ်နေတာ ဖြစ်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြားကပဲ ဒီကနေ့အထိ နိုင်ငံတဝန်းမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လူထုသပိတ်တွေ ပေါ်ထွက်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၃)ရက် ည(၈)နာရီကျော်က ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေ၊ အနန့်ပါမှာ ကချင် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ - KIO ဖွဲ့စည်းခြင်း နှစ်ပတ်လည် အကြိုအဖြစ် ဂီတပွဲ ကျင်းပနေချိန် စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် ဂီတပွဲက အနုပညာရှင်တွေနှင့် ပြည်သူတွေ အပါအဝင် လူရာချီကာ ထိခိုက်သေဆုံးခဲ့ပါတယ်။

ဖားကန့် အနန့်ပါအတွက် ဝမ်းနည်းမှုကို ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ဖို့ ဒီနေ့ အောက်တိုဘာ(၂၈)ရက် ည(၈)နာရီခွဲမှာ နိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့ (၁၀)မိနစ်ကြာ "မီးပိတ်သပိတ်" ဆင်နွှဲကြဖို့ လူထုသပိတ် ကော်မတီတွေက တိုက်တွန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးပိတ်သပိတ် #ဖားကန့်_အနန့်ပါ #သပိတ် #PeopleStrike

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ