စစ်အုပ်စုက ရွှေဒင်္ဂါးပြားတွေကို ရည်ညွှန်းဈေးထက် တစ်ကျပ်သား ကျပ်(၁၀)သိန်းနီးပါး ဈေးတင်ရောင်း၊ တစ်ကျပ်သားရွှေဒင်္ဂါးပြားကို ကျပ်(၂၉)သိန်းခွဲဈေးနဲ့ ရောင်းနေပြီး အပြင်ပေါက်ဈေးထက်ပင် ဈေးပိုနေ၊

စစ်အုပ်စုက ရွှေဒင်္ဂါးပြားတွေကို ရည်ညွှန်းဈေးထက် တစ်ကျပ်သား ကျပ်(၁၀)သိန်းနီးပါး ဈေးတင်ရောင်း၊ တစ်ကျပ်သားရွှေဒင်္ဂါးပြားကို ကျပ်(၂၉)သိန်းခွဲဈေးနဲ့ ရောင်းနေပြီး အပြင်ပေါက်ဈေးထက်ပင် ဈေးပိုနေ၊

MFP ၊ စက်တင်ဘာ - ၅

အာဏာသိမ်း စစ်အုပ်စုက တစ်ကျပ်သား ရွှေဒင်္ဂါးပြားတွေကို ကျပ်(၂၉)သိန်းခွဲဈေးနဲ့ ရောင်းချနေပြီး အဲ့ဒီ ဈေးဟာ အပြင်ဈေးကွက် ပေါက်ဈေးထက် ပိုများသလို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးထက်လည်း ရွှေတစ်ကျပ်သား ကျပ်(၁၀)သိန်းနီးပါး ဈေးပိုများတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတော်ပိုင် ရွှေတွေကို နေပြည်တော်က ကျောက်မျက်ရတနာပြတိုက် ခန်းမဆောင်မှာ ဒီနေ့ စတင် ရောင်းချတာ ဖြစ်ပြီး အပြင်ပေါက်ဈေးထက် ဈေးတင်ထားကာ တစ်ကျပ်သားရွှေဒင်္ဂါးပြား တစ်ပြားကို ကျပ်(၂၉)သိန်းခွဲ၊ ရွှေထည့်ဖို့ ပိတောက်သားဘူး တစ်ဘူးကို ကျပ် လေးသောင်းနှုန်းနဲ့ ရောင်းနေတာလို့ ရွှေဝယ်ယူခဲ့သူ တစ်ဦးက ပြောပါတယ်။

"သူတို့ထုတ်တဲ့ သတင်းစာမှာ ရေးတဲ့ဈေးနဲ့ အခု ရောင်းတဲ့ ဈေးကတော့ တခြားစီပါပဲ၊ အပြင်က ရွှေဈေးထက်‌တောင် ပိုများနေတယ်" လို့ ရွှေဝယ်ယူခဲ့သူက ဆိုပါတယ်။

စစ်အုပ်စု လက်အောက်ခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ဒီနေ့ နေ့လည်ပိုင်း ထုတ်ပြန်တဲ့ ရည်ညျွန်းဈေးနှုန်းမှာ ရွှေတစ်ကျပ်သားကို ကျပ်သိန်း(၂၀)ကျော်သာ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည်ပိုင်း ပြင်ပဈေးကွက် ပေါက်ဈေးမှာ ရွှေတစ်ကျပ်သားကို ကျပ် (၂၉)သိန်း ရှစ်သောင်း ဖြစ်ပြီး ဈေးကွက်ပိတ်ချိန်မှာတော့ ရွှေတစ်ကျပ်သား ကျပ်သိန်း(၃၀)နဲ့ ဈေးပိတ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

"စကစ ရောင်းတဲ့ဈေးတောင် ဒီဈေးဆိုတော့ ရွှဈေးက (၃၀)အောက်ကျဖို့ မလွယ်တော့ဘူးလေ၊ အရူး ချီး-ပန်း လျှောက်လုပ်နေတာပါ" လို့ ရွှေကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်အုပ်စုက ဒီနေ့ စတင် ရောင်းချပေးတဲ့ ရွှေဒင်္ဂါးပြားပုံစံဟာ ၂၀၁၈ ခုနှစ်ထုတ် ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ဒင်္ဂါးပြားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့အတွက် ဆိုပြီး စစ်အုပ်စုက တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့က မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွေမှာ လွတ်လွတ်လပ်လပ် ရောင်းချပေးမယ်လို့ စက်တင်ဘာ(၁) ရက်မှာ ကြေညာခဲ့ပြီး ဒီနေ့ နေပြည်တော်မှာ စတင် ရောင်းချတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ဈေးတင်ရောင်းနေတဲ့ ရွှေဒင်္ဂါးပြားတွေ/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေပြည်တော် #ရွှေဒင်္ဂါး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ