မုံရွာမြို့ စကစ ဂိတ်ဘေးက ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ (၁၀)ပိဿာကျော် ပါသွား၊ လူလေးဦး ကားနဲ့လာပြီး ဓားပြတိုက်သွားမှု PDF တွေလို့ စစ်အုပ်စုက စွပ်စွဲ၊

မုံရွာမြို့ စကစ ဂိတ်ဘေးက ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ (၁၀)ပိဿာကျော် ပါသွား၊ လူလေးဦး ကားနဲ့လာပြီး ဓားပြတိုက်သွားမှု PDF တွေလို့ စစ်အုပ်စုက စွပ်စွဲ၊

MFP ၊ စက်တင်ဘာ - ၁၁

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း မြို့လည်မီးပွိုင့်အနီးမှာ ရှိပြီး စစ်အုပ်စု ကင်းဂိတ်နဲ့ တစ်ဖာလုံခန့် အကွာမှာ ရှိတဲ့ သန်းတရာ ရွှေဆိုင် ဒီမနက်ပိုင်း ဓားပြတိုက် လုယက်ခံရပြီး လက်ဝတ်ရတနာမျိုးစုံ ရွှေ (၁၀)ပိဿသာကျော် ပါသွားတယ်လို့ စစ်အုပ်စုနှင့် နီးစပ်တဲ့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၁)ရက် မနက်(၁၀)နာရီခွဲမှာ မုံရွာမြို့လည်မှာ ရှိတဲ့ သိန်းတရာ ရွှေဆိုင်ကို အမျိုးသား လေးဦးက ကလူဂါအမျိုးအစား အမဲရောင်ကားနဲ့ လာရောက်ပြီး ဓားပြတိုက် လုယက်သွားတာလို့ စစ်အုပ်စုဘက်က သတင်း ဖြန့်ပါတယ်။

“မုံရွာမြို၊ မြိုလယ်မီးပွိင့်အနီးရှိ သိန်းတစ်ရာ ရွှေဆိုင်အား PDF လေးဦးမှ ကားဖြင့် လာရောက်၍ သေနတ်ဖြင့် ချိန်ကာ ရွှေထည်များ သိမ်းဆည်းထားသော အခန်းအား ဖွင့်ခိုင်းပြီး လက်ဝတ်ရတနာ ရွှေထည်များအား အိတ်တွင်းထည့်ကာ ဓါးမြတိုက်ယူဆောင်သွား” လို့ မုံရွာ နမခ လက်အောက်ခံ စစ်အုပ်စုရဲ့ တယ်လီဂရမ်ခန်နယ်က ဖော်ပြပါတယ်။

လူတစ်ဦးက ရွှေ‌ဝယ်ချင်တယ်လို့ ဆိုပြီး ဆိုင်ထဲ ဝင်လာကာ နောက်ကနေ သေနတ် ကိုင်ထားသူ လေးဦး လိုက်ဝင်လာပြီး ရွှေဆိုင်ဝန်ထမ်းတွေကို ကြမ်းပြင်မှာ မှောက်ခိုင်းကာ ရွှေထည်ပစ္စည်း (၁၀)ပိဿာကျော် ယူဆောင်သွားတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဓားပြတိုက် လုယက်ပြီးနောက် အဲ့ဒီ အနက်ရောင်ကားဟာ မုံရွာ အထက(၁)ကျောင်းဘက် မောင်းထွက် သွားတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ ရွှေဆိုင်က မုံရွာမြို့လည်ခေါင်မှာ ရှိတာ။ ဘေးနား တစ်ဖာလုံလောက်မှာလည်း စစ်အုပ်စု ဂိတ်ရှိတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် စစ်အုပ်စုက ဗိုလ်ချုပ်လမ်းပေါ် ပိတ်ဆို့စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"မိုးရွာနေတော့ လူအသွားအလာက ရှင်းနေတာ၊ ဆိုင်က တံခါးပေါက် တချပ်ထဲ ဖွင့်ထားတာကို တိုက်ခံရတာ၊ အဲဒီနားမှာ ပေါ်ဦး ရွှေဆိုင်လည်း ရှိတယ်၊ မီးပွိုင့်မှာ စီစီတီဗွီလည်း ရှိတယ်။ မြို့လယ်ခေါင်မှာကို ဓားပြတိုက်တာတွေပါ ဖြစ်နေပြီ " လို့ မြို့ခံတစ်ဦးက ပြောကြောင်း မုံရွာဒေသ သတင်းတွေ တင်ဆက်နေတဲ့ Chindwin Post က ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ဓားပြမှု၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လွန်ခဲ့တဲ့ လေးလအတွင်း မုံရွာမြို့ပေါ်မှာ ဓားပြမှု ခုနှစ်မှုမှုထိ ဖြစ်ပွားခဲ့ကာ မြို့ပတ်လမ်း၊ ထန်းတောရပ်၊ ကျွန်းဆွယ်ရပ်ကွက်က ကိုမိုး ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဓားပြတိုက်ခံရမှုမှာ ဆိုင်ရှင်ဖြစ်သူ အသတ်ခံခဲ့ရတယ်လို့ Chindwin Post က ဖော်ပြပါတယ်။

မုံရွာမြို့မှာ လတ်တလော ဖြစ်ပွားနေတဲ့ ဓားပြမှုတွေထဲ စစ်အုပ်စုတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ဒေသခံတွေက ယူဆပြီး ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက မုံရွာမြို့ အလုံရပ်က ဘီယာဆိုင် တစ်ဆိုင် ဓားပြမှ ဖြစ်စဉ်မှာဆိုရင် စစ်အုပ်စုက ဒေသခံပြည်သူတွေ အပြင်မထွက်ရဲအောင် သေနတ်ဖောက် ခြောက်လှန်နေချိန် စကစနဲ့ပျူတွေလို့ ယူဆရတဲ့ လူတစ်စုက ဘီယာဆိုင်ထဲ ဝင်ပြီး ကျပ်သိန်း(၂၀၀)ကျော် ဓားပြတိုက် လုယက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ရွှေဆိုင် #ဓားပြမှု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ