တိုက်ပွဲရှုံးတဲ့ ဖက်ဆစ်တပ်က ပြည်သူကို ပစ်မှတ်ထားပြီး ညသန်းခေါင်မှာ လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ပြည်သူ လေးဦး အသက်ဆုံးရှုံး၊

တိုက်ပွဲရှုံးတဲ့ ဖက်ဆစ်တပ်က ပြည်သူကို ပစ်မှတ်ထားပြီး ညသန်းခေါင်မှာ လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ပြည်သူ လေးဦး အသက်ဆုံးရှုံး၊

MFP၊ သြဂုတ် - ၂၄

မြေပြင်မှာ အရှုံးကြီးရှုံးပြီး အထိနာ အသေများနေတဲ့ ဖက်ဆစ်တပ်က ကန့်ဘလူ၊ ကောလင်းနှင့် ကျွန်းလှ သုံးမြို့နယ်အစပ်က ရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး မနေ့က ညသန်းခေါင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင် တစ်ဦး အပါအဝင် ဒေသခံပြည်သူ လေးဦး အသက်ဆုံးရှုံးခဲ့ရတယ်လို ဒေသတွင်း သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မနေ့ သြဂုတ် (၂၃)ရက် ည(၁၂)နာရီ ဝန်းကျင်မှာ ကျွန်းလှနှင့် ကောလင်းနယ်အစပ်က မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးက ကျေးရွာတွေကို ဖက်ဆစ်တပ်က တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲခဲ့တာ ဖြစ်ပြီး သစ်ဆိမ့်ကုန်ရွာက ဒေသခံပြည်သူ လေးဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖက်ဆစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက်ဆုံးရှုံးရသူတွေဟာ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာက ဒေသခံတွေ ဖြစ်တဲ့ မောင်ပြည့်စုံ (၆-နှစ်ခွဲ)၊ ကိုမိုးအောင်၊ ကိုဇင်မျိုးထွန်း၊ ကိုဇင်မျိုးထွန်းရဲ့ ဇနီး မဖြူဇာဝင်း (ကိုယ်ဝန်ကိုးလ လွယ်ထားရသူ) တို့ ဖြစ်ပြီး ကိုနေလင်းဦး (မောင်ပြည့်စုံရဲ့ဖခင်)ကတော့ ထိခိုက်မှု ရှိခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲက MFP ကို ပြောပါတယ်။

"(ဖက်ဆစ်တပ်) သူတို့ အနေနဲ့ မှန်းပစ်တာ ဖြစ်နိုင်တယ်။ ကာကွယ်ရေးတပ်တွေ ရွှေ့သွားနိုင်တယ်လို့ ယူဆတဲ့ နေရာတွေပေါ့လေ။ အဲလို မှန်းချတာ (လေကြောင်းမှပစ်ခတ်ခြင်း) ဖြစ်နိုင်ပါတယ်" လို့ ကျွန်းလှအဖွဲက မှတ်ချက်ပေးပါတယ်။

ဖက်ဆစ်တပ်ဟာ မနေ့ မနက်ပိုင်းက ကျွန်းလှနယ် အောင်ချမ်းသာနှင့် လက်ခုပ္ပင်ရွာကြား တိုက်ပွဲ ဖြစ်ပွားနေချိန်မှာလည်း ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ လေကြောင်းပစ်ကူ ပေးခဲ့တဲ့အပြင် ရဟတ်ယာဉ်တွေနဲ့ လာပြီး တပ်ကူတွေ ထပ်ချသွားတာကြောင့် ကောလင်းနယ်ထဲက ပေတပင်၊ ရွာသစ်၊ အောင်ချမ်းသာ ရွာတွေ အပါအဝင် ကန့်ဘလူနယ်ထဲက လက်ခုပ္ပင်ရွာ စတဲ့ ရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဆစ်တပ်ဟာ ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းနယ်ထဲ အင်တာနက် လိုင်းတွေသာမက ဖုန်းလိုင်းတွေပါ ဖြတ်တောက် ထားတာကြောင့် ပြည်သူတွေ ဘာသတင်းအချက်အလက်မှ မရရှိဘဲ ဒုက္ခတွေ့နေရတယ်လို့ ဆိုပါတယ်။

"(လက်ရှိအခြေအနေ)ဘာမှ မသိနိုင်ဘူး။ ကျွန်တော်တို အချင်းချင်းကို အချိတ်အဆက် ခက်နေတဲ့ သဘောပါ။ အခု ကျွန်းလှမြိုပေါ်လည်း တယ်လီနော တစ်ခုပဲ ရတော့တယ်။ ကျန်တာ ဖြတ်ထားတယ်" လို့ ဒေသခံပြည်သူ တစ်ဦးက MFP ကို ပြောပါတယ်။

မနေ့ မနက်ပိုင်းက ကျွန်းလှနယ် ညောင်ကုန်းကျေးရွာကို ဝင်မွှေသောင်းကျန်း မီးရှို့ပြီး ပြန်ထွက်လာတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား (၃၀)ကျော် သေပြီး ဗိုလ်အဆင့် သုံးယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းယူ ရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် PDF တပ်ရင်း(၂)က သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းကာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ် ညှဉ်းပန်းတာတွေ ဦးဆောင်လုပ်ကိုင်နေတဲ့ နမခ တိုင်းမှူး သန်းထိုက်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဗုံးကြဲ #ကန့်ဘလူ #ကျွန်းလှ #ကောလင်း #တိုက်ပွဲ #ပြည်သူ #ကလေးငယ် #ကိုယ်ဝန်ဆောင်မိခင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ