ရေဦးနယ်ထဲ ဖြတ်သန်းတဲ့ ကားတွေကို စစ်အုပ်စုက ဖမ်းဆီးငွေညှစ် ရန်ပြုသောင်းကျန်းနေလို့ ကုန်ကားတွေ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ၊

ရေဦးနယ်ထဲ ဖြတ်သန်းတဲ့ ကားတွေကို စစ်အုပ်စုက ဖမ်းဆီးငွေညှစ် ရန်ပြုသောင်းကျန်းနေလို့ ကုန်ကားတွေ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ၊

MFP ၊ စက်တင်ဘာ - ၂

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေကို စစ်အုပ်စုက လက်နက်ပြ မိုက်ကြေးခွဲပြီး ရန်ပြု သောင်းကျန်းကာ ကားတွေကို ဖြတ်သန်းသွားလာခွင့် မပေးတဲ့အတွက် အစီးရေ ရာဂဏန်းနီးပါး ပိတ်မိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က စက်တင်ဘာ(၁)ရက်က စတင်ပြီး ရေဦးနယ်ထဲ ဖြတ်သန်းသွားလာတဲ့ လမ်းပိုင်းတွေမှာ စစ်အုပ်စုက လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းပြီး ရန်ပြု သောင်းကျန်းနေတာကြောင့် ကုန်ကားတွေ ရှေ့ဆက်လို့ မရဘဲ ပိတ်မိနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ ရေဦးမြို့ပေါ် အပါအဝင် ရေဦးနယ်ထဲက လမ်းပိုင်းတွေမှာ ကုန်ကားတွေ ပိတ်မိနေပြီး အဓိကအားဖြင့် ရေဦး - တန့်ဆည် - ကလေးဝ (မဟာမြိုင်လမ်း)မှာ ကားတွေ ဖြတ်သန်းသွားလာခွင့် မရဘဲ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက ရေဦး - တန့်ဆည် - ကလေးဝ (မဟာမြိုင်လမ်း) အပါအဝင် ရေဦး - ခင်ဦးလမ်း၊ ရေဦး - ညောင်ပင်သာလမ်း၊ ရေဦး - မုံရွာလမ်း နှင့် ရေဦး - တန့်ဆည်လမ်း စတဲ့ လမ်းပိုင်းတွေမှာ ပိတ်ဆို့ ငွေညှစ် သောင်းကျန်းနေလို့ ဒေသခံပြည်သူတွေ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးထားပါတယ်။

“ရေဦး - ညောင်ပင်သာ လမ်းပိုင်းတွင် ရွှေဘိုမှ ရေဦးသို့ လာသော ကုန်တင်ယာဉ် အမျိုးမျိုးကို ခင်ဦးနယ် အင်းပတ်ကွေ့ မှ ရွာသစ်ကုန်း ပျူများနှင့် ရေဦး စခများရဲ့ ပိတ်ပင်ဖမ်းဆီး စစ်ဆေးမှုတွေကြောင့် ရေဦး - ညောင်ပင်သာ လမ်းပိုင်း တစ်နေရာ (ရွာသစ် - မူးသာ - သက်ပေး)တွင် အစီးရေ (၅၀)ခန့်အထိ ရေဦးအထိ မလာနိုင်ဘဲ တန်းစီရပ်ထားရကြောင်း သိရပါတယ်။ ထို့အပြင် ရေဦးမှ ခရီးသွား ယာဉ်များကိုလည်း ထွက်ခွင့် မပေးကြောင်း သိရပါတယ်။ ရေဦးမှ စခများ ဘာကြံနေသည် မသိရသေးပါ။ သို့ဖြစ်ပါ၍ ရေဦးသွားမည့် အောက်ပါလမ်းပိုင်းများ သတိထားစေလိုပါတယ် ခဗျာ။ ရေဦး-ခင်ဦး လမ်းပိုင်း၊ ရေဦး-ညောင်ပင်သာ လမ်းပိုင်း၊ ရေဦး-မုံရွာ လမ်းပိုင်း၊ ရေဦး-တန့်ဆည် လမ်းပိုင်း” ဆိုပြီး ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

ရေဦးမြို့ပေါ်မှာ ရပ်နားထားတဲ့ ကုန်ကားတချို့ကို မနေ့က စက်တင်ဘာ(၁)ရက်မှာ တွေ့ရစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေဦး #ရွှေဘို #ကုန်တင်ကား

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ