မေမြို့နှင့် နောင်ချိုအစပ်က ရွာတွေကို စစ်အုပ်စုက အင်အားထောင်ချီနဲ့ ဝင်မွှေသောင်းကျန်းနေ၊ စစ်အုပ်စုရဲ့ စကခ(၁)လက်အောက်ခံ အဖွဲ့တွေက ဝင်မွှေနေတာ ဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးနေရ၊

မေမြို့နှင့် နောင်ချိုအစပ်က ရွာတွေကို စစ်အုပ်စုက အင်အားထောင်ချီနဲ့ ဝင်မွှေသောင်းကျန်းနေ၊ စစ်အုပ်စုရဲ့ စကခ(၁)လက်အောက်ခံ အဖွဲ့တွေက ဝင်မွှေနေတာ ဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးနေရ၊

MFP ၊ စက်တင်ဘာ - ၁၇

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အစပ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ လှုပ်ရှားနယ်မြေတွေထဲက ကျေးရွာတွေကို စက်တင်ဘာ(၉)ရက်က စပြီး စစ်အုပ်စုက အင်အား ထောင်ချီနဲ့ ဝင်မွှေ သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် - စကခ(၁) လက်အောင်ခံ အဖွဲ့တွေဖြစ်တဲ့ ကျောက်မဲ၊ သီပေါနဲ့ နောင်ချိုမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၀၂)၊ ခမရ (၅၀၃) စတဲ့ တပ်ရင်းတွေ အပါအဝင် အင်အား (၁၂၀၀) ခန့်နဲ့ ပိတ်ဆို့ပြီး ဝင်မွှေ သောင်းကျန်းနေတာ ဖြစ်သလို လက်နက်ကြီး (၁၂၀မမ)စိန်ပြောင်းတွေ နဲ့လည်း ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“ရွာထဲကလူတွေ ရှောင်နေကြရတယ်၊ စစ်ခွေးတွေက ရွာထဲ လူတွေကို ဝင်ဖမ်းတာ၊ ဈေးဆိုင်တွေကို လုယက်တာတွေလည်း လုပ်နေတယ် “ လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)အနေနဲ့ ဒေသခံ ကျေးရွာတွေ ထိခိုက်မှာ စိုးတဲ့အတွက် အဲဒီ နေရာတွေကနေ ဆုတ်ခွါလာခဲ့တာ ကြာပြီဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ မရှိပေမယ့် PDF တွေ ရှိမယ်အထင်နဲ့ စစ်အုပ်စုက ကျေးရွာတွေကို ဝင်မွှေလုယက် ရမ်းကားနေတာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း နောင်ချိုနှင့် မေမြို့အစပ်က ကျေးရွာတွေမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)တို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ (၂၄) ရက် တိုက်ပွဲမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများတဲ့အတွက် ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်းနှင့် အဲဒီတိုက်ပွဲမှာ စကစ (၂၀) ခန့် သေပြီး ဒဏ်ရာရသူ အများအပြားရှိကာ တော်လှန်ရေးရဲဘော် နှစ်ယောက် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

မေမြို့နှင့် နောင်ချိုနယ်စပ်မှာ အခြေပြု လှုပ်ရှားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင် ရဲဘော်တချို့/Photo – PDF Mandalay

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ #နောင်ချို #PDFMandalay

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ