တော်လှန်ရေးက ပေးတဲ့ အမေ (သို့) ထမင်းချက်ရင်း စစ်အာဏာရှင် ကျဆုံးရေး တိုက်ပွဲဝင်ခဲ့တဲ့ ပခုက္ကူက ရဲမေ ဒေါ်လှမှီ

တော်လှန်ရေး ရဲမေ ဒေါ်လှမှီ /Photo - ပေးပို့
တော်လှန်ရေး ရဲမေ ဒေါ်လှမှီ /Photo - ပေးပို့
တော်လှန်ရေးက ပေးတဲ့ အမေ (သို့) ထမင်းချက်ရင်း စစ်အာဏာရှင် ကျဆုံးရေး တိုက်ပွဲဝင်ခဲ့တဲ့ ပခုက္ကူက ရဲမေ ဒေါ်လှမှီ

တော်လှန်ရေးက ပေးတဲ့ အမေ (သို့)

ထမင်းချက်ရင်း စစ်အာဏာရှင် ကျဆုံးရေး တိုက်ပွဲဝင်ခဲ့တဲ့ ပခုက္ကူက ရဲမေ ဒေါ်လှမှီ

PK/MFP၊ စက်တင်ဘာ - ၁၂

အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ သနပ်ခါးပဲကြားနဲ့ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးကြီး တစ်ယောက် ကလေးတစ်ယောက်ကို လက်ဆွဲပြီး PDF တပ်ဖွဲ့ထဲ ဝင်ရောက်လာပါတယ်။ သူမက တော်လှန်ရေး ရဲမေ ဒေါ်လှမှီ ပါ။

ဒေါ်လှမှီဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပခုက္ကူခရိုင် တပ်ရင်း (၁၄) တပ်ခွဲ (၂)မှာ ချက်ဖိုသူကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

အညာသူမကြီး ဒေါ်လှမှီရဲ့ ဆန္ဒက မိဘမေတ္တာနဲ့ ဝေးနေတဲ့ တော်လှန်ရေး ရဲဘော်တွေ၊ ရဲမေတွေ အားလုံးကို အမေ တစ်ယောက်လို ဂရုစိုက်ပေးချင်တာ ဖြစ်ပြီး တပ်ရင်းကို ရောက်လာချိန်က စပြီး ရဲဘော်တွေ အားလုံးအပေါ်မှာ မိခင်တစ်ယောက်လို မေတ္တာတွေ၊ ဂရုစိုက်မှုတွေ၊ နွေးထွေးမှုတွေ ပေးသွားတယ်လို့ ပခုက္ကူခရိုင် PDF တပ်ရင်း (၁၄)၊ တပ်ခွဲ (၂) ရဲဘော်တွေက ပြောပါတယ်။

ဒေါ်လှမှီကြောင့်ပဲ တော်လှန်ရေး ရဲဘော်တွေ၊ ရဲမေတွေဟာ အမေတစ်ယောက် အစားရလိုက်သလို ခံစားရတယ်လို့လည်း သူမရဲ့ ရဲဘော်ရဲဘက်တွေက ပြောပါတယ်။

"ကျနော်တို့ကို ဆူနေတဲ့အချိန်ဆို မလှမှီ ဘာတွေ ပြောနေတာလဲ ဆိုပြီး ခေါ်တာပေါ့။ သူက သူ့ကို အမေလို့ ခေါ်နေကျကို နာမည်အရင်း မလှမှီလို့ ခေါ်ရင် မကြိုက်ဘူး။ အမေလို့ပဲ ခေါ်စေချင်တာ "လို့ ရဲဘော်တစ်ဦးက ဆိုပါတယ်။

ဒေါ်လှမှီကို တပ်ရင်းမှာ ရှိတဲ့ ရဲဘော်တွေ အားလုံးက အမေ လို့ပဲ ခေါ်ကြပါတယ်။ ဒေါ်လှမှီ ကလည်း အဲ့လို ပဲ ခေါ်စေချင်ခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူနယ်ဇာတိ ဒေါ်လှမှီ မှာ လူလားမမြောက်သေးတဲ့ သားသမီး နှစ်ယောက် ရှိပါတယ်။ တစ်ယောက်ကို ဆွေမျိုးတွေဆီထား၊ အသက် ခြောက်နှစ်အရွယ် သားလေးကိုတော့ PDF စခန်းတွေဆီ လက်ဆွဲခေါ်လာပြီး ရဲမေ လှမှီ အဖြစ် ပခုက္ကူခရိုင် တပ်ရင်း (၁၄)၊ တပ်ခွဲ (၂) မှာ တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ခွဲ၊ ၂၀၂၂ နှစ်ဆန်းပိုင်းက ဒေါ်လှမှီတို့ ကျေးရွာအနီး PDF ရဲဘော်တွေ စခန်းချတဲ့အချိန် ထမင်းဟင်း ကူညီချက်ပေးရာက စတင်ပြီး ဒေါ်လှမှီတစ်ယောက် တော်လှန်ရေး ရဲမေအဖြစ် PDF တပ်ထဲကို စရောက်လာတာလို့ အဲ့ဒီစခန်း တာဝန်ခံက ပြောပါတယ်။

" မလှမှီ ကျနော်တို့ စခန်းကို ထမင်း အမြဲတမ်း လာချက်နေလိုက်တော့ဗျာ၊ ကျနော်တို့လည်း အဆင်ပြေတယ် ဆိုပြီး စလိုက်တာ။ အဲ့ကနေစပြီး သူကျနော်တို့ စခန်းမှာ ကျသွားတဲ့ အချိန်ထိပဲ " လို့ စခန်းတာဝန်ခံက ဆိုပါတယ်။

ချက်ဖိုသူကြီး၊ တော်လှန်ရေး ရဲမေ ဒေါ်လှမှီဟာ ယခု စက်တင်ဘာ(၄)ရက်ကပဲ ကျဆုံးသွားခဲ့ပါပြီ။

တိုက်ပွဲမှာ ကျဆုံးတာမျိုး မဟုတ်ဘဲ အသည်းနဲ့ဆိုင်တဲ့ ရောဂါကို မြို့ပေါ်မှာ ဆေးသွားကုဖို့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် အချိန်မီ ဆေးမကုနိုင်ဘဲ ကျဆုံး ခဲ့ရတာပါ။ အဲ့ဒီနေ့က မိုးတွေ သည်းကြီးမဲကြီး ရွာနေပြီး အချိန်မီ ဆေးကုခွင့် မရတာကြောင့် ဒေါ်လှမှီ ကျဆုံးခဲ့ရတာလို့ သူမဆုံးခါနီး အနီးကပ်နေခဲ့တဲ့ ရဲဘော်က ပြန်ပြောပြပါတယ်။

"ဆရာဝန်က သုံးနာရီပဲ အချိန်ရတယ်၊ မြို့ပေါ်ကို ပို့ရင် မီနိုင်တယ်ဆိုပြီး၊ ပို့တဲ့အချိန်မှာ အမေက သူ့စိတ်ကို သူ ဆွဲချလိုက်လား မသိဘူး။ ငါ့ကို တရားခွေ ဖွင့်ပေးစမ်း ဆိုပြီး တရားစာ ဆိုရင်းပဲ အသက်ထွက်သွားတာ။ ကျနော်တို့ ဆေးရုံ လိုက်မပို့ပေးလိုက်နိုင်ဘူး"လို့ ရဲဘော်က ဆိုပါတယ်။

ဒေါ်လှမှီကို စက်တင်ဘာ(၆)ရက်မှာ မီးသဂြိုလ်ခဲ့ပြီး တပ်ရင်းက အမိန့်ပြန်တမ်း ဖတ်ကြားခဲ့ပါတယ်။

သူတို့တပ်ရင်းမှာ အရင်ကလည်း ရဲဘော်တွေ ကျဆုံးတာ ကြုံခဲ့ရဖူးပေမယ့် ဒေါ်လှမှီ ဆုံးပါးချိန်မှာ တပ်ရင်းက ရဲဘော်တွေအားလုံး၊ တပ်ရင်းတခုလုံး စိတ်ဓာတ်ကျတဲ့အထိ ဝမ်းနည်းနေကြတာကြောင့် အချင်းချင်း အားပေးနှစ်သိမ့် နေရတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒေါ်လှမှီ တစ်ယောက် တပ်ရင်းကို စတင်ရောက်ရှိပြီ ဆိုကတည်းက မနက်(၅)နာရီထိုးတိုင်း တပ်ရင်းက ရဲဘော်တွေ လေ့ကျင့်ခန်း လုပ်ပြီးချိန် အဆင်သင့်စားနိုင်အောင် နေ့စဥ် ချက်ပြုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူမ ရှိနေခဲ့တဲ့ ကာလတလျှောက် ရဲဘော်တွေ လေ့ကျင့်ခန်း လုပ်ပြီးချိန်တိုင်း စားသောက်ဖို့က အမြဲ အဆင်သင့် ဖြစ်နေပြီး ထင်းခွဲ၊ရေခပ်ကအစ ရဲဘော်တွေ မအားရင် သူတစ်ဦးတည်း မညဉ်းမငြူ လုပ်ကိုင်တယ်လို့ ဆိုပါတယ်။

အညာသူ ဒေါ်လှမှီဟာ နှုတ်ခမ်းနီ ရဲရဲ ဆိုးရတာကို ကြိုက်နှစ်သက်ပြီး တခါတရံ အမျိုးသမီး ရဲမေတွေက ပြန်ပြီး ချေပပြောဆိုတဲ့အခါ တပ်ဖွဲ့တာဝန်ရှိသူတွေကို ငိုပြီး တိုင်ပြောတတ်တဲ့ အကျင့်ရှိတယ်လို့လည်း သူမရဲ့ ရဲဘော်ရဲဘက်တွေက ပြောပြပါတယ်။ သူမက စကားကို တဲ့တိုးပြောပြီး တခါတရံ ဗျစ်တောက်ဗျစ်တောက် မြည်တွန်တောက်တီးတယ်။ သူငေါက်ငန်းတာကို မခံဘဲ ပြန်ပြောမိရင် ရန်ဖြစ် တတ်ပါသေးတယ်။

စခန်းမှာ ဒေါ်လှမှီက အမျိုးသမီး ရဲမေတွေနဲ့ အတူနေပြီး နေ့စဥ် မနက်(၄)နာရီထကာ တပ်ရင်းတခုလုံး စားသောက်ဖို့ တနေကုန်စာကို ချက်ပြုတ်ရပါတယ်။

ဒေါ်လှမှီဟာ စခန်းမှာ ရှိနေချိန်အတွင်း ရဲဘော်တွေ အရက်ကို စည်းကမ်းတကျ သောက်ခိုင်းတာ၊ တပ်ဖွဲ့တာဝန်ရှိသူတွေလည်း အရက်သောက်ပြီး ဆုံးမစကား ပြောတာတွေ မလုပ်ဖို့၊ ရဲမေတွေနဲ့ဆိုင်တဲ့ ကိစ္စတွေမှာလည်း အမေတဦးလို ကွပ်ကဲ ထိန်းကျောင်းနိုင်ခဲ့တယ်လို့ ရဲဘော်ရဲဘက်တွေက ပြန်ပြောပြပါတယ်။

ဒေါ်လှမှီဟာ မိခင်ပေါင်း များစွာက မွေးလာတဲ့ အမျိုးမျိုးသော လူငယ်၊ လူရွယ်တွေအတွက် အမေအရင်း တစ်ယောက်လို မေတ္ထာထားခဲ့တာကြောင့် သူတို့ ရှေ့တန်း ထွက်ခါနီးတိုင်းမှာ စိတ်လုံခြုံမှု ပေးနိုင်ခဲ့တယ်လို့ ပခုက္ကူခရိုင်ထဲက ရှေ့တန်း ရဲဘော် တစ်ဦးကလည်း ပြောပါတယ်။

"အမေ (ဒေါ်လှမှီ)က အရင်ကတော့ လက်ဖွဲ့ကြိုးတွေ လုပ်ပေးတယ်။ နောက်ပိုင်းကျတော့ သူတို့ ရပ်ရွာ ဓလေ့လား၊ ဘာလား မသိဘူး။ ကျနော်တို့ သွားခါနီးရင် ပါးစပ်က နဲနဲပါးပါး ရွတ်ပြီး ထုံးနဲ့ လိုက်တို့ပေးတယ်။ ပါးစပ်က တခုခုတော့ ရွတ်တယ်။ ကျနော်တို့ ရဲဘော်တွေ မစ်ရှင် ထွက်တိုင်း ရဲဘော်တွေ နားရွက်မှာ ထုံးတို့ရတယ် " လို့ ရှေ့တန်းရောက်နေတဲ့ ရဲဘော်က ဆိုပါတယ်။

အညာဘက်က မိဘတချို့ရဲ့ အလေ့အကျင့်အတိုင်း တဗျစ်တောက်တောက် ပြောတာမျိုးကြောင့် တပ်ထဲက ရဲမေတွေ၊ ရဲဘော်တွေနဲ့ တခါတလေ အခြေအတင် စကားများတာမျိုး ရှိပေမယ့် ဒါကပဲ မိဘနဲ့ ဝေးနေတဲ့ ရဲဘော်တွေ အတွက် မမေ့နိုင်စရာ ဖြစ်ခဲ့တယ်လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

အညာသူ ဒေါ်လှမှီဟာ အတန်းပညာ အများကြီး မတတ်ပေမယ့် နယ်မြေအတွင်း ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေ တခါတရံ အချင်းများတိုင်း သူ့သားသမီး (တော်လှန်ရေးရဲဘော်)တွေကို အပြစ်မပြောဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုကိုပဲ အပြစ်မြင်ဖို့ အမြဲ ကာကွယ် ပြောဆိုလေ့ရှိတယ်လို့ အဲ့ဒီတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

"နင်တို့ ကလေးတွေကို အပြစ်မမြင်နဲ့။ မင်းအောင်လှိုင် အာဏာသိမ်းလို့ ဒီကလေးတွေ ဒီကို ရောက်လာတာ။ မင်းအောင်လှိုင် အာဏာသိမ်းလို့ ဒါမျိုးဖြစ်တာဆိုပြီး ပြောတော့ အဲ့မှာ အမေ့ကို စ သတိထားမိတာ" လို့ တပ်ဖွဲ့ တာဝန်ခံက ဆိုပါတယ်။

လူမမယ်အရွယ် သားလေးကို လက်ဆွဲပြီး နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ ဒေါ်လှမှီကို မြင်ရတာနဲ့တင် ငြီးငွေ့၊ စိတ်ပျက်နေတဲ့ ရဲဘော်တွေအတွက် အားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်လှမှီ ဆုံးခါနီးမှာ သူမတို့ တပ်ရင်းထဲက ရဲဘော်သုံးဦးဟာ တော်လှန်ရေးကို ငြီးငွေ့ပြီး အိမ်ပြန်သွားခဲ့လို့ လိုက်ခေါ်ခဲ့ပေမယ့် ရဲဘော်တွေက စကားပြန် မပြောလိုက်တဲ့အပေါ် စိတ်ထိခိုက် ခဲ့ရသေးတယ်လို့လည်း ဒေါ်လှမှီရဲ့ ရဲဘော်ရဲဘက်တွေက ပြောပါတယ်။

အခုတော့ ဒေါ်လှမှီဟာ သူမရဲ့ ရင်းနစ်သည်းချာ လူမမည်အရွယ် သားလေးရော၊ ရဲဘော်ရဲဘက် သားသမီးတွေကိုပါ စစ်အာဏာရှင်စနစ်ဆိုး လက်အောက်မှာ ကျန်ထားရစ်ခဲ့ပါပြီ။ ပခုက္ကူခရိုင် တပ်ရင်း(၁၄)၊ တပ်ခွဲ (၂)က ရဲဘော်တွေကလည်း သူတို့အတွက် တော်လှန်ရေးကပေးတဲ့ အမေတစ်ယောက်ကို ဘဝစာ မေ့နိုင်တော့မှာ မဟုတ်ဘဲ အမေ ဒေါ်လှမှီအတွက် ဂုဏ်ယူ​နေမှာပါလို့ ဆိုကြပါတယ်။

#Mandalay_Free_Press_MFP

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ