မန္တလေးမှာ စစ်အုပ်စုက သံဃသမဂ္ဂ ဆရာတော်တွေ ဖမ်းမမိလို့ စာသင်စာချ သံဃာတွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီး၊

မန္တလေးမှာ စစ်အုပ်စုက သံဃသမဂ္ဂ ဆရာတော်တွေ ဖမ်းမမိလို့ စာသင်စာချ သံဃာတွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီး၊

MFP ၊ နိုဝင်ဘာ - ၆

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား ပြည်သူ မရွေး ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်အုပ်စုက သံဃသမဂ္ဂ (မန္တလေး)က ဆရာတော်တွေကို ဖမ်းမမိတဲ့အတွက် စာသင်စာချ သံဃာတော်တွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးနေတယ်လို့ သံဃသမဂ္ဂ (မန္တလေး)က သတင်း ထုတ်ပြန်ပါတယ်။

"သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိသည့်အတွက် အခြားသံဃာများကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ထားခြင်းအား သံဃသမဂ္ဂ(မန္တလေး) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်" သံဃသမဂ္ဂ (မန္တလေး) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၂)ရက်က သံဃသမဂ္ဂ (မန္တလေး) အဖွဲ့ဝင် သံဃာတစ်ပါး သီးတင်းသုံးဖူးတဲ့ မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်ထဲ တစ်နေ့တည်း နှစ်ကြိမ် စီးနင်းဝင်မွှေကာ စာသင်စာချ သံဃာနှစ်ပါးအား ဓားစာခံသဘောမျိုး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"အကြမ်းဖက် စစ်မိစ္ဆာတပ်သားများက နိုဝင်ဘာ(၂)ရက် နေ့(၁)နာရီခန့်တွင် မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်း ယခင်က သီတင်းသုံးနေထိုင်ခဲ့သော သံဃသမဂ္ဂ ဦးဆောင်ရဟန်းတစ်ပါးကို ဝင်ရောက် ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါသည်၊၊ ၎င်းတို့ ဖမ်းဆီးလိုသော သံဃသမဂ္ဂ ဦးဆောင်ရဟန်းတော်ကို ဖမ်းမမိသောကြောင့် ညပိုင်း(၇)နာရီကျော်တွင် ဒုတိယအကြိမ် မိုးကောင်းကျောင်းတိုက်အ

တွင်းသို့ ထိုအကြမ်းဖက် စစ်မိစ္ဆာတပ်သားများက ပြန်လည် ဝင်ရောက်လာပြီး သံဃသမဂ္ဂ(မန္တလေး)နှင့် လုံးဝ ပတ်သက်ဆက်နွှယ်ခြင်း မရှိသော ဦးအဇ္ဇုနနှင့် ရှင်ကုသလတို့ကို စာအံကျောင်းတက်နေချိန်တွင် ဝင်ရောက်ဖမ်းဆီးပြီး "စစ်မေးစရာရှိလို့ ခဏခေါ်သွားမည်၊ ပြန်ပို့ပေးပါမည်" ဟု ဆရာတော်ကြီးကို လျှောက်ထားကာ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့ နိုဝင်ဘာ(၆)ရက် အထိ ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားပါသည်၊၊ သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိသည့်အတွက် အခြားသံဃာများကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ထားခြင်းအား သံဃသမဂ္ဂ(မန္တလေး) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ ဦးအဇ္ဇုန နှင့် ရှင်ကုသလ တို့အား ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် ကျန်းမာရေးနှင့် အသက်အန္တရာယ် တစ်စုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်" လို့ သံဃသမဂ္ဂ(မန္တလေး) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ်နေတာ ဖြစ်ပြီး ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား ၊ ပြည်သူ မရွေး ဖမ်းဆီးသတ်ဖြတ်သလို ကလေးသူငယ်တွေကိုပါ မရှောင် ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ(၃၀)ရက်ကလည်း စစ်အာဏာရှက်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြတဲ့ မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်ကလျာဏ အား စစ်အုပ်စုက ဖမ်းဆီးပြီးနောက် သံချေကျင်းခတ်ကာ ညှဉ်းပန်းပြီး ကျောင်းတိုက်တွေ လိုက်ပြခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #သံဃသမဂ္ဂ #ရဟန်း #ဖမ်းဆီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ