အရာတော် - ထီးဆောင်း - မြင်းမူ လမ်းပိုင်း လုံးဝ အသုံးမပြုကြဖို သတိပေး၊ စစ်အုပ်စုက အရာတော်တောင်ပိုင်း ရွာတွေထဲ သုံးဖွဲ့ခွဲကာ ဝင်မွှေလုယက် သောင်းကျန်းနေ၊

အရာတော် - ထီးဆောင်း - မြင်းမူ လမ်းပိုင်း လုံးဝ အသုံးမပြုကြဖို သတိပေး၊ စစ်အုပ်စုက အရာတော်တောင်ပိုင်း ရွာတွေထဲ သုံးဖွဲ့ခွဲကာ ဝင်မွှေလုယက် သောင်းကျန်းနေ၊

MFP၊ သြဂုတ် - ၃

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တောင်ပိုင်း၊ အရာတော်နှင့် - မြင်းမူနယ်အစပ်က ကျေးရွာတွေထဲ စစ်အုပ်စုက အဖွဲ့သုံးဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - အရာတော် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုဟာ အရာတော်နယ်တောင်ပိုင်းက ရွာတွေဖြစ်တဲ့ ဇီးပင်လယ်ရွာမှာ တစ်စု၊ ညောင်ပင်ရွာမှာ တစ်စုနှင့် ရသာရွာမှာ တစ်စု ရောက်ရှိနေပြီး တန်ဘိုးကြီးပစ္စည်းတွေ ဖောက်ထွင်းခိုးယူကာ ဒေသခံပြည်သူတွေကို ရန်ပြုသောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု သောင်းကျန်းနေတာကြောင့် ပြည်သူတွေ ဘေးကင်း လုံခြုံရေးအတွက် ဒီကနေ့ သြဂုတ် (၃)ရက်က စတင်ပြီး ကြေညာချက် ထပ်မံ မထုတ်ပြန်မချင်း အရာတော် - ထီးဆောင်း - မြင်းမူ လမ်းပိုင်းအား လုံးဝ အသုံးမပြုကြဖို့ သတိပေးချက် ထုတ်ပြန်တာလို့ အရာတော် ပကဖ က ဆိုပါတယ်။

"ပြီးခဲ့တဲ့နှစ် စက်တင်ဘာကတည်းက ကျနော်တို အင်တာနက်တွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချ ခံထားရတယ်။ ဒါကြောင့်မို ဒီသတင်းကို ရတဲ့ ပြည်သူတွေက ကိုယ့်ရဲ့ နယ်ခံမိတ်ဆွေတွေ၊ မိသားစုတွေ ရှိလိုရှိရင် အကြောင်းကြားပေးပါ။ အဲဒီလမ်းကို သွားမယ့်လာမယ့် ပြည်သူတွေ အချင်းချင်း တားမြစ် သတိပေးကြပါလို့ ကျနော်တို မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ" လို့ အရာတော် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်မယ့် ပြည်သူတွေအနေနဲ့လည်း ဒေသခံ တော်လှန်ရေးအဖွဲတွေနဲ့ ချိတ်ဆက်ပြီးမှသာ စစ်ဘေးအန္တရာယ် ရှောင်ရှားကြဖို့လည်း အရာတော် ပကဖ က သတိပေးကြေညာထားပါတယ်။

စစ်အုပ်စုဟာ သြဂုတ်(၁)နှသ့်(၂)ရက်နေ့တွေက မြင်းမူမြို့နယ် လက်ပံကျင်းရွာထဲ မြေပြင်၊ ဝေဟင် ပစ်ခတ်ကာ အကြမ်းဖက် စီးနင်းခဲ့ပြီးနောက် ကလေးသူတွေ အပါအဝင် ဒေသခံ (၁၀၀)ကျော်ကို နှစ်ရက်ကြာ ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲက ဒေသခံ (၁၀)ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် လက်ပံကျင်းရွာထဲ တစ်အိမ်တက်ဆင်း မွှေနှောက်ဖောက်ထွင်းပြီးနောက် ကျပ်သိန်းထောင်ချီတဲ့ ပြည်သူပိုင် ရွှေ၊ငွေတွေကို ခိုးယူလုယက်ခဲ့ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ သြဂုတ်(၂)ရက် ညပိုင်းမှာ မြင်းမူနယ် လက်ပံကျင်းရွာကနေ အရာတော်နယ်ထဲ ကူးလာကာ အခုလို အုပ်စုတွေ ထပ်ခွဲပြီး အရာတော်နယ် ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #ရွာ #မြင်းမူ #ထီးဆောင်း #လမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ