နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ကွယ်လွန်

နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ကွယ်လွန်

MFP ၊ ဩဂုတ် - ၂၉

မန္တလေးမြို့က မြို့မအသင်း နာယက၊ နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါဟာ ဩဂုတ်လ (၂၈)ရက်၊ ည သန်းခေါင်အချိန်မှာ ကွယ်လွန်အနိစ္စရောက်သွားတယ်လို့ မြို့မတူရိယာအသင်းက ထုတ်ပြန်ပါတယ်။

"နှစ်ကိုယ်ချစ်သမျှ"သီချင်းကိုစတင်မွေးဖွားတဲ့သူ၊ "သင်္ကြန်မိုး"ဇာတ်ကား၏နောက်ဆုံးသက်ရှိထင်ရှားဂီတမှူး၊ မန္တလေးမြို့မတူရိယာအသင်းကြီးရဲ့ဂုဏ်ထူးဆောင်နာယက ဂီတမှူး စသည့်ခေါင်းစဉ်ပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားသည့် မြို့မ ဆရာပေါ(အကယ်ဒမီကိုပေါ) အသက်(၉၅)နှစ်သည် ၂၈-၈-၂၀၂၂ ညအချိန် (၁၁နာရီ၅၈မိနစ်)တွင် မန္တလေးရှိနေအိမ်၌ ကွယ်လွန် သွားပါကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်လို့ ရေးသားထားပါတယ်။

မန္တလေးမြို့ ဓားတန်းရပ်ဇာတိဖြစ်တဲ့ မြို့မကိုပေါဟာ အမည်ရင်း ဦးကျော်စိုးဖြစ်ပြီး ၁၉၂၇ ခုနှစ်မှာ အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ်မှာ မြို့မတူရိယာဝိုင်းကို ဆက်ဆိုဖုန်းမှုတ်သူအဖြစ် ရောက်ရှိခဲ့ပြီး ထင်ရှားတဲ့ တေးရေးဆရာနဲ့ ဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

နာမည်ကျော် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား(၁၉၈၅)မှာ ဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သလို အဲဒီဇာတ်ကားထဲက “ နှစ်ကိုယ်တူ ချစ်သမျှ “ သီချင်းဟာ ဒီနေ့အထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်အာရုံ၊ နှုတ်ခွန်းဆက်သင်္ကြန် စတဲ့သီချင်းတွေကိုလည်း လူကြိုက်များခဲ့ပါတယ်။

၁၉၆၁ ခုနှစ်မှာ ကိုယ်ပိုင်မေတ္တာ ရုပ်ရှင်ဇာတ်ကားအတွက် ဓာတ်ပုံထူးချွန်ဆု အကယ်ဒမီကို ဦးလူကလေးနဲ့အတူ ပူးတွဲရရှိခဲ့သူလည်း ဖြစ်ပါတယ်။

မြို့မကိုပေါဟာ ကွယ်လွန်ချိန်မှာ အသက် (၉၅)နှစ်ရှိပြီဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြို့မကိုပေါ #မြို့မအသင်း #နှစ်ကိုယ်တူချစ်သမျှ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ