ဗိုလ်အောင်မြေ အရှင်အဖမ်းခံရပြီးနောက် မန္တလေး UG တွေ ဆက်တိုက် အဖမ်းခံရ၊ ကျဆုံးသူ မန္တလေး UG ကိုးဦး အပါအဝင် ဖမ်းဆီးခံရသူ (၂၀)ကျော် ရှိဟုဆို

ဗိုလ်အောင်မြေ အရှင်အဖမ်းခံရပြီးနောက် မန္တလေး UG တွေ ဆက်တိုက် အဖမ်းခံရ၊ ကျဆုံးသူ မန္တလေး UG ကိုးဦး အပါအဝင် ဖမ်းဆီးခံရသူ (၂၀)ကျော် ရှိဟုဆို

MFP ၊ ဩဂုတ် - ၆

မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုကို ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေကို ဩဂုတ်(၁)ရက်မှာ စစ်အုပ်စုက နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် MDY - UG မဟာမိတ်သုံးဖွဲ့က ပြောက်ကျားရဲဘော်တွေ ဆက်တိုက် အဖမ်းခံနေရတယ်လို့ KCGF ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောပါတယ်။

ဗိုလ်အောင်မြေ ဦးဆောင်တဲ့ Myanmar Revolution Ranger Force (MRRF) အဖွဲ့၊ ၊ ဗိုလ်မြွေပွေး ဦးဆောင်တဲ့ Kings Cobra Guerilla Force (KCGF) အဖွဲ့နှင့် ဗိုလ်နိုင် ဦးဆောင်တဲ့ Mother Son Mandalay Force (MSMF) ဆိုတဲ့ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ သုံးဖွဲ့ဟာ မဟာမိတ်တွေအဖြစ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဗိုလ်နိုင် ဦးဆောင်တဲ့ MSMF ဟာ ၂၀၂၁ ခုနှစ်ကတည်းက ဖွဲ့စည်းထားပြီး သက်တမ်း တစ်နှစ်ကျော်ပြီ ဖြစ်ပေမယ့် ဗိုလ်အောင်မြေ ဦးဆောင်တဲ့ MRRF နဲ့ ဗိုလ်မြွေပွေး ဦးဆောင်တဲ့ KCGF အဖွဲ့တွေကတော့ ၂၀၂၂ ခုနှစ်ထဲမှ ဖွဲ့စည်းကာ သက်တမ်း ခြောက်လဝန်းကျင်သာ ရှိသေးတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ MFP ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သြဂုတ်(၁)ရက် မနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် (၈၆)လမ်းနဲ့ (၈)လမ်းအနီးက နေအိမ်တစ်လုံးမှာ အိမ်ငှားနေတဲ့ MRRF အဖွဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေနှင့် UG အဖွဲ့ဝင်တွေကို သတင်းပေးကြောင့် စစ်အုပ်စုက အင်အားသုံး စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ ဗိုလ်အောင်မြေ အပါအဝင် လေးဦး အဖမ်းခံရတယ်လို့ နီးစပ်သူတချို့က ဆိုပြီး ဗိုလ်မြွေပွေးကတော့ (၁၀)ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ ဗိုလ်အောင်မြေ အပါအဝင် ဖမ်းဆီးထားတဲ့ UG တွေကို သ-တ်ဖြ-တ် လိုက်ပြီဖြစ်ကြောင်း လမ်းဘေးစွန့်ပစ်ထားတဲ့ အလောင်းတွေနဲ့ အလောင်းဘေးမှာ ပစ္စတိုသေနတ်တွေ ရှိနေတဲ့ပုံတွေကို စစ်လော်ဘီတွေက သြဂုတ်(၂)ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးသူ အရေအတွက်နဲ့ အလောင်းတွေ တွေ့ရှိရတဲ့ အချိန်နဲ့ နေရာတွေကိုတော့ စစ်လော်ဘီတွေက မဖော်ပြပါဘူး။ ပုံထဲမှာ အလောင်းသုံးလောင်းသာ တွေ့ရပါတယ်။

စစ်အုပ်စုက အရှင်ဖမ်းပြီး သ-တ်ဖြ-တ် အလောင်းစွန့်ပစ်လိုက်သူတွေထဲ MRRF ခေါင်းဆောင် ဗိုလ်အောင်မြေ ပါဝင်တယ်လို့ နီးစပ်သူတွေက ဆိုကြပေမယ့် ဖမ်းဆီးခံရသူ လေးဦး ရှိပြီး အလောင်းက သုံးလောင်းသာ တွေ့ရတာကြောင့် ဘယ်သူတွေ အဖမ်းခံရပြီး ဘယ်သူတွေ အသ-တ်ခံရတယ်ဆိုတာ MFP အနေနဲ့ အတိအကျ မသိရပါဘူး။

MPR ဆိုတဲ့ သက်တမ်းခြောက်လလောက်ရှိတဲ့ UG အဖွဲ့ရဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာတော့ စစ်အုပ်စုက သ-တ်ဖြ-တ်လိုက်သူတွေဟာ MRRF ခေါင်းဆောင် ဗိုလ်အောင်မြေ၊ MSMF အဖွဲ့က ကိုနိုင်လင်း (ခ) ကိုရှိုင်း (ခ) ကိုရဲရင့်၊ ကိုကြွက်(ခ) တက်သစ်စနှင့် ကိုကြွက်ရဲ့ ညီအကိုတော်စပ်သူ ကိုဝဏ္ဍ တို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ MPR အဖွဲ့ဟာ ဗိုလ်နိုင် ခေါင်းဆောင်တဲ့ MSMF နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းထားကြောင်း သူတို့ရဲ့ ယခင် ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ဗိုလ်အောင်မြေ အပါအဝင် UG ရဲဘော်တချို့ မန္တလေးမြောက်ပြင်က နေအိမ်မှာ စီးနင်း ဖမ်းဆီးခံရတာဟာ အဖွဲ့ထဲက သစ္စာဖောက်တစ်ဦးကြောင့် ဖြစ်မယ်လို့ မန္တလေးမြို့ပြ ပြောက်ကျားရဲဘော်တစ်ဦးက သုံးသပ်ပါတယ်။ ဗိုလ်အောင်မြေတို့ အဖမ်းခံရတဲ့ မန္တလေးမြို့ မြောက်ပြင် အမရဌာနီ ရပ်ကွက်မှာ နာမည်ကြီး စစ်သတင်းပေးတွေ နေထိုင်ပြီး ဗိုလ်အောင်မြေတို့က အဲဒီ စစ်သတင်းပေး တစ်ယောက်ရဲ့ အိမ်နဲ့ မျက်စောင်းထိုးမှာ ငှားနေတယ်ဆိုတာကလည်း သံသယဖြစ်စရာ အခြေအနေလို့ တော်လှန်ရေးရဲဘော်က သုံးသပ်ပါတယ်။

အဲဒီနောက် သြဂုတ်(၂)ရက်၊ သို့မဟုတ် (၃)ရက်မှာတော့ ပြင်ဦးလွင်မြို့မှာ တိမ်းရှောင်နေတဲ့ MSMF အဖွဲ့ ခေါင်းဆောင် ကိုနေလင်း (ခ)ကိုရှိုင်း နဲ့ UG ရဲဘော်တွေ တည်းခိုခန်းတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ KCGF ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောပါတယ်။

MRRF ခေါင်းဆောင် ဗိုလ်အောင်မြေ အဖမ်းခံရပြီးနောက် မဟာမိတ်တွေလို့ဆိုတဲ့ KCGF နှင့် MSMF တပ်ဖွဲ့တွေ တိမ်းရှောင်ကြရာမှာ KCGF ခေါင်းဆောင် ဗိုလ်မြွေပွေးက လွတ်မြောက်သွားပြီး MSMF ဒုခေါင်းဆောင် ကိုရှိုင်း အပါအဝင် UG ရဲဘော်တွေ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့က တည်းခိုခန်းတစ်ခုမှာ ကိုရှိုင်း အပါအဝင် အမျိုးသား လေးဦးနဲ့ အမျိုးသမီး လေးဦး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“ အောင်မြေတို့က (၁)ရက်နေ့ မိတာ၊ မိတဲ့နေ့ပဲ သတ်လိုက်တာပေါ့။ ကိုရှိုင်း ကတော့ နောက်မှ ဖမ်းမိတာ၊ အတွင်းသတင်းအရ ခန့်မှန်း (၄)ရက်နေ့ စစ်ကြောရေးမှာ ကျတယ်ဆိုတာ ကြားရတယ်။ အလောင်းဘာညာ မမြင်ရဘူး။ သူ့အကောင့်တွေကိုလည်း စစ်တပ်ဘက်က လူတွေက စပြီး သုံးနေပြီ “ လို့ ဗိုလ်မြွေပွေးက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးနဲ့ ပြင်ဦးလွင်မှာ ဖမ်းဆီးခဲ့တဲ့ UG တွေထဲက ကိုးဦးထက်မနည်းကို သ-တ်ဖြ-တ်ခဲ့ပြီး ကျဆုံးသူတွေ အများစုဟာ UG သက်တမ်း တစ်နှစ်ကျော်ပြီဖြစ်တဲ့ MSMF အဖွဲ့က ရဲဘော်တွေ ဖြစ်ပါတယ်။ စစ်အုပ်စု သ-တ်ဖြ-တ်လို့ ကျဆုံးသူတွေဟာ MRRF ခေါင်းဆောင် ဗိုလ်အောင်မြေ၊ MSMF ဒုခေါင်းဆောင် ကိုရှိုင်း (ခ) ကိုနေလင်း၊ ကိုကြွက်(ခ) တက်သစ်စ၊ ကိုဝေဖြိုးအောင်(ခ) ဝေကြီး၊ ကိုဝင်းမင်းအောင်(ခ) ဇော်ပိုင်၊ ကိုနေလင်းခန့် (ခ) စနေ၊ ကိုအောင်ဖြိုးခန့်(ခ) စပ်ကြား၊ ကိုမိုးဇင်(ခ) ငဒူနဲ့ ကိုမင်းသူအောင်တို့ ဖြစ်တယ်လို့ ဗိုလ်မြွေပွေးက ဆိုပါတယ်။



 

သင်္ကြန်ကာလနောက်ပိုင်း ဗိုလ်နိုင် ဦးဆောင်တဲ့ MSMF ၊ ဗိုလ်အောင်မြေ ဦးဆောင်တဲ့ MRRF နှင့် ဗိုလ်မြွေပွေး ဦးဆောင်တဲ့ KCGF တို့ မဟာမိတ် သုံးဖွဲ့ပေါင်းပြီး မန္တလေးမြို့ပေါ်က စစ်အုပ်စုနဲ့ ဆက်စပ်တဲ့နေရာတွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ မဟာမိတ် သုံးဖွဲ့ ပေါင်းပြီး စစ်တပ်ပိုင် မြဝတီဘဏ်၊ စစ်အုပ်စုထောက်တိုင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကမ္ဘောဇဘဏ်၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ပျူစောထီးတွေ ရှိတဲ့ မီးသတ်ရုံး စတဲ့ နေရာတွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူ၊ အဖွဲ့အစည်းတွေ အားလုံးကို ဥပဒေမဲ့ အကြမ်းဖက် ဖိနှိပ်သလို သတင်းပေးတွေ၊ အသွင်ယူတွေ ထည့်ပြီး အဖွဲ့အစည်းအတွင်း စိမ့်ဝင် ဖြိုခွင်းတဲ့နည်းတွေလို အောက်လမ်းနည်းတွေ သုံးပြီးတော့လည်း ဖိနှိပ် သ-တ်ဖြ-တ် ဖြိုခွဲနေတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုကို ပြောက်ကျားတိုက်ခိုက်နေတဲ့ UG အဖွဲ့အစည်း အများအပြား ရှိတဲ့အနက်က သက်တမ်းတစ်နှစ်ကျော် ကြာပြီဖြစ်တဲ့ ဗိုလ်နိုင် ဦးဆောင်တဲ့ MSMF အဖွဲ့နှင့် သက်တမ်း ခြောက်လဝန်းကျင် ရှိပြီဖြစ်တဲ့ ဗိုလ်အောင်မြေဦးဆောင်တဲ့ MRRF အဖွဲ့တွေကတော့ စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်ဖြ-တ် ဖြိုခွဲတာကို ခံလိုက်ရပြီ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြို့ပြပြောက်ကျားတပ်ဖွဲ့ #MDY_UG #ဖမ်းဆီးခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ