ဒီပဲယင်းနယ်ထဲ စစ်အုပ်စုက ရုတ်ရက် ရဟတ်ယာဉ်နဲ့ ပစ်ခတ်သောင်းကျန်းလို့ ထောင်ချီတဲ့ ပြည်သူတွေ အရေးပေါ် ထွက်ပြေးရ၊

ဒီပဲယင်းနယ်ထဲ စစ်အုပ်စုက ရုတ်ရက် ရဟတ်ယာဉ်နဲ့ ပစ်ခတ်သောင်းကျန်းလို့ ထောင်ချီတဲ့ ပြည်သူတွေ အရေးပေါ် ထွက်ပြေးရ၊

MFP ၊ သြဂုတ် - ၄

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက ရွာတွေထဲ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အကြမ်းဖက် စစ်အုပ်စုက ရုတ်တရက် ရဟတ်ယာဉ် လေးစီးနဲ့ လာရောက်ပြီး ပစ်ခတ် သောင်းကျန်းနေတာကြောင့် ထောင်ချီတဲ့ ဒေသခံပြည်သူတွေ အရေးပေါ် ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

ဒီနေ့ သြဂုတ်(၄)ရက် မနက်(၁၀)နာရီဝန်းကျင်မှာ ဒီပဲယင်းနယ် အရှေ့ခြမ်းက အင်ပင် ရွာဒင်ကြီးနှင့် ကိုင်းကံရွာတွေထဲ အကြမ်းဖက် စစ်အုပ်စုက ရုတ်တရက် ရဟတ်ယာဉ် လေးစီးနဲ့ အကြောင်းမဲ့ လာရောက် ပစ်ခတ်ပြီး သောင်းကျန်းနေတာကြောင့် ဒေသခံပြည်သူတွေဟာ ကြိုတင် ပြင်ဆင်ထားတာ မရှိဘဲ ဝရုန်းသုန်းကား ထွက်ပြေး နေရတာလို့ ဆိုပါတယ်။

“နမခ အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီး၊ ထောက်ပို့ နှစ်စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လျက်ရှိကာ ထောက်ပို့ ရဟတ်ယာဉ်များဖြင့် ကြည်ဘုရားထွက်မှ အင်အားများနှင့် မကျီးအုပ်မှ အင်အားများ သယ်ပို့ကာ ဒီပဲယင်းမြို့နယ် အင်ပင် ရွာဒင်ကြီး၊ ကိုင်းကံ စသော ကျေးရွာများတဝိုက် မြေပြင်ရော လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရပါသည်။ ယခုအချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်းသိရပါသည်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံများ ကြိုတင်ပြင်ဆင်ချိန်မရဘဲ အရေးပေါ်ထွက်ပြေးနေရကြောင်း သိရပါသည်” လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ရေဦးမြို့နယ် တင်းတိမ်ရံဈေးနှင့် တင်းတိမ်ရံရွာ အပါအဝင် ရေဦး၊ ခင်ဦးနှင့် ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်ကာ ဒေသခံတွေကို ဖမ်းဆီး သတ်-ဖြတ်၊ ရွာတွေကို မီးရှို့ပြီးနောက် ယနေ့မှာ ဒီပဲယင်းနယ် အရှေ့ခြမ်းက ရွာတွေထဲ ဆက်လက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဇူလိုင်(၁၇)ရက် ကတည်းက ရေဦးနှင့် ခင်ဦးနယ် ရွာတွေထဲ လုယက် ဓားပြတိုက် သောင်းကျန်း သတ်-ဖြတ်နေတာ ဖြစ်ပြီး မနေ့က သြဂုတ်(၃)ရက်မှာ ဒီပဲယင်းနယ် အနောက်ခြမ်းက ဘုရားထွက်ရွာကို ဓားပြတိုက် လုယက် မီးရှို့ပြီးနောက် ဒီနေ့ ဒီပဲယင်းနယ် အရှေ့ခြမ်းက အင်ပင်-ရွာဒင်းကြီးနှင့် ကိုင်းကံရွာတွေဘက် ရဟတ်ယာသ်နဲ့ ပြောင်းရွှေ့ကာ ထင်တိုင်းကျဲ သောင်းကျန်းနေတာလို့ ဆိုပါတယ်။

“ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုရားထွက်ကျေးရွာသို့ အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးနေသည့် ရာဇဝတ်ကောင် မင်းအောင်လှိုင်ကျွန်များကို ဝေဟင်ဖြင့် သယ်ယူကာ ဒီပဲယင်းမြို့နယ် အင်ပင်-ယဒင် ကျေးရွာများ ဘက်သို့ ဝေဟင်မှ ပစ်ခတ်ကာ ချထားပေးကြောင်း၊ အကြမ်းဖက်ကောင်များဟာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိကြောင်း သိရပါတယ်” လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကလည်း ဖော်ပြပါတယ်။

စစ်အုပ်စုရန်ကြောင့် အင်ပင် - ရွာဒင်ကြီးနှင့် ကိုင်းကံအပါအဝင် ဒီပဲယင်းနယ် အရှေ့ခြမ်း ရွာတွေက ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး ဒုက္ခကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #ရဟတ်ယာဉ် #စစ်ပြေး #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ