ဗန်းမောက်နယ်ထဲ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲလို့ ရွာတွေပါ မီးလောင်၊

ဗန်းမောက်နယ်ထဲ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲလို့ ရွာတွေပါ မီးလောင်၊

MFP၊ အောက်တိုဘာ - ၆

စစ်ကိုင်းတိုင်း ဗန်းမောက်မြိုင်နယ်၊ စီးမော်နှင့် တောင်ကြီးရွာတွေ တဝိုက် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ၊ PDF ပူးပေါင်း တပ်တွေကြား အောက်တိုဘာ(၄)ရက်က စတင်ကာ သုံးရက်ဆက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ကျေးရွာတွေပါ မီးူးစက် လောင်ကျွမ်းနေတယ်လို ကသာခရိုင် တပ်ရင်း (၂) တပ်ဖွဲ့နှင့် ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ (၄)ရက်က အင်းတော်ကနေ တက်လာတဲ့ အင်အား (၁၇၀)ခန့်ပါ စစ်အုပ်စုနှင့် ရှမ်းပြည်နယ် ဘက်ကလာတဲ့ စစ်အုပ်စု ပေါင်ပြီး စုစုပေါင်း စကစ အင်အား (၃၀၀)ကျော်နဲ့ ဗန်းမောက်မြို့နယ်၊ စီးမော်နှင့် တောင်ကြီးရွာတွေဘက် ဝင်မွှေ သောင်းကျန်းလာလို့ KIA နှင့် ကသာခရိုင် PDF တပ်ရင်း (၂) (အင်းတော်၊ ဗန်းမောက်) ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စု အထိနာ အသေများပြီးနောက် မနေ့ကတည်းက လေကြောင်း ပစ်ကူပေးပြီး စီးမော်နှင့် တောင်ကြီးရွာတွေဘက် လေယာသ်နဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေကာ ဒီနေ့ အောက်တိုဘာ (၆)ရက် မနက်(၁၁)နာရီလောက်မှာလည်း လေယာဉ်သုံးစီးနဲ့ လေကြောင်းကနေ တရစပ်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို ကသာခရိုင် တပ်ရင်း (၂)က ပြောပါတယ်။

"မနက်ကတည်းက တိုက်ပွဲ ပြင်းထန်နေလို လေကြောင်း တိုက်ခိုက်တာဗျ။ တိုက်ပွဲ အခြေအနေ အသေးစိပ်တော့ ပြောလို မရသေးဘူး။ ဒီဘက်မှာ အဓိက ဦးဆောင်တာ KIA ဆိုတော့ ကျနော်တို အားလုံး ထုတ်ပြောလို့လည်း မရဘူး"လို ကသာခရိုင် တပ်ရင်း (၂)တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။

သုံးရက်ဆက် တိုက်ပွဲအတွင်း စကစတွေ ထိခိုက်သေဆုံးမှု များပြီး ဒရုန်း အပါအဝင် လက်နက်ခဲယမ်းအချို သိမ်းဆည်း ရရှိထားတယ်လို ကစာခရိုင် တပ်ရင်း(၂) ရဲဘော်က ပြောပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့် စီးမော်နှင့် တောင်ကြီး အနီးဝန်ကျင် ကျေးရွာတွေ မီးကူးစက် လောင်ကျွမ်းနေပြီး ထိခိုက်ပျက်စီးမှု များနိုင်တယ်လို ဒေသခံ တော်လှန်ရေး အင်အားစုတွေက ခန့်မှန်းပါတယ်။

“ဗန်းမောက်မြို့နယ် စီးမော်-တောင်ကြီးရွာ တဝိုက် စစ်ကောင်စီဘက်မှ လေယာဉ် သုံးစီးဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်နေပါတယ်။ ရွာထဲ အိမ်တွေလည်း မီးကူးစက် လောင်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေ ရှိသည့်အတွက် ပြည်သူများ ပြည်သူ အချင်းချင်း ကူညီပေးကြပါ” လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR Team က ဖော်ပြပါတယ်။

စစ်အုပ်စုက လေယာဉ်အသုံးပြု တိုက်ခိုက်ပြီး ဗန်မောက်နယ်ထဲ ဝင်မွှေ သောင်းကျန်းနေချိန် အောက်တိုဘာ(၄)ရက် ည(၁၀)နာရီမှာ KIA+PDF ပူးပေါင်းတပ်တွေက ဗန်းမောက်ရဲစခန်းကို စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ သစ္စာခံ ရဲ(၁၄)ယောက် ဒဏ်ရာရတယ်လို့ ဗန်းမောက် တော်လှန်ရေးအဖွဲ့ - BR Team က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၅)ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးက ကျောက်အိုင်ရွာကို ဝင်မွှေလုယက် မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲအတွင်း အထိနာ အသေများတဲ့ စကစတွေက ပြည်သူကို ရန်ပြု သောင်းကျန်းနေလို့ တိုက်ပွဲဖြစ်ပွါးရာ အနီးအနား ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြဖို့နှင့် ချက်တွင်း ရွာအတွင်း ပြန်မဝင်ကြသေးဘဲ ဂရုပြုကြဖို့၊ စစ်ရှောင်ပြည်သူတွေကို ပြည်သူအချင်းချင်းက ရိုင်းပင်း ကူညီပေးကြဖို့ ဒေသခံတွေ အချင်းချင်း တိုက်တွန်း သတိပေးနေကြပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေလို့ အင်းတော် - ဗန်းမောက် လမ်းပိုင်းလည်း ဆက်လက် ပိတ်ထားမှာ ဖြစ်တယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR Team ကလည်း ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုရဲ့ တိုက်လေယာဉ်နှစ်စီး (ပုံဟောင်း)/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဗန်းမောက် #အင်းတော် #KIA #PDF #ကသာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ