မြိုင်မှာ စစ်အုပ်စုကို မိုင်းဆွဲရာ ရှစ်ယောက် သေ၊ ကျည်နှင့် အသုံးအဆောင်တွေ ရရှိ၊

မြိုင်မှာ စစ်အုပ်စုကို မိုင်းဆွဲရာ ရှစ်ယောက် သေ၊ ကျည်နှင့် အသုံးအဆောင်တွေ ရရှိ၊

MFP ၊ သြဂုတ် - ၁၇

မကွေးတိုင်း မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ရှစ်ယောက်သေပြီး ဒဏ်ရာရကာ မိုင်းကွင်းအနီး စစ်အုပ်စုရဲ့ ကျည်နှင့် အသုံးအဆောင် ပစ္စည်းတွေ ကျန်ရစ်တာကို တွေ့ရတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၆)ရက် မနေ့က မနက်ပိုင်းက မြိုင် - ကမ္မလမ်း၊ တဲကြီးရွာနှင့် နယ်သတ်ရွာကြား ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို မိုင်းကိုးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး မိုင်းကွဲတဲ့ နေရာကို သွားရောက်စစ်ဆေးရာမှာ ကျည်ဆံတချို့ တွေ့ရှိတာလို့ ဆိုပါတယ်။

“ယမန်နေ့က စခ များအား မိုင်းဆွဲသော နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ကျည်များနှင့် အသုံးအဆောင်များ ရရှိခဲ့ပါသည်။ ထပ်မံရရှိသော သတင်းများအရ စခများသည် သေသော စခ ရှစ်ယောက်နှင့် ဒဏ်ရာ ပြင်းထန်သော စခ နှစ်ယောက် အား FAW ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သတင်းရရှိပါသည်” လို့ မြိုင် ပကဖ က ဖော်ပြပါတယ်။

မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို လက်နက်နှင့် ရိက္ခာ ဖြည့်တင်းပေးဖို့ သြဂုတ်(၁၅)ရက် နေ့လည်ပိုင်းက ကမ္မမြို့ဘက်ကနေ တက်လာတဲ့ စစ်ကားနှစ်စီးနှင့် ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို မြိုင်မြို့နယ် တဲကြီးနှင့် နယ်သတ်ရွာကြားမှာ မိုင်း(၁၄)လုံးနဲ့ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး မနေ့က မနက်ပိုင်းကလည်း အဲ့ဒီ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ နေရာအနီး ကင်းပုန်းလာဝပ်တဲ့ စစ်အုပ်စုကို ထပ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ က ဆိုပါတယ်။

မြိုင်နယ်ထဲ မွှေနေတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲ ဖြစ်နိုင်ချေ ရှိတာကြောင့် ဒေသခံပြည်သူတွေ သတိထားကြဖို့နဲ့ စစ်ဘေးရှောင်ကြဖို့လည်း မြိုင် ပကဖ က တိုက်တွန်းထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ကား #မိုင်း #ပကဖ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ