မုံရွာ မြန်မာ့စီးပွားရေးးဘဏ်ရှေ့မှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို သတ်-ဖြတ်၊

မုံရွာ မြန်မာ့စီးပွားရေးးဘဏ်ရှေ့မှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို သတ်-ဖြတ်၊

MFP ၊ အောက်တိုဘာ - ၁၀

မုံရွာမြို၊ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်က မြန်မာ့စီးပွားရေးဘဏ်မှာ ဘဏ်အစောင့် စကစတွေ မနေ့က နေ့လည်ပိုင်း ဗုံးထု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို ပစ်ခတ် သတ်-ဖြတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗုံးထုခံရပြီးနောက် စစ်အုပ်စုက တွေ့သမျှပြည်သူကို ရမ်းကား ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်တစ်ဦး သေနတ်မှန် သေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဘက်ကတော့ PDFတွေက လာရောက် ဗုံးထု တိုက်ခိုက်တဲ့အတွက် ပြန်လည် ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ PDF တစ်ဦး ဖြစ်တယ်လို့ သတင်း ဖြန့်ပါတယ်။

အောက်တိုဘာ(၉)ရက် နေ့ခင်း(၂)နာရီခွဲက မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီး ဘဏ်အစောင့် စစ်အုပ်စုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ရင်း (၆) ၊ တပ်ခွဲ (၂) စေတန်အဖွဲ့က အနီးကပ် ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး နှစ်ယောက် သေပြီး စစ်အုပ်စုဘက်က ပြန်လည် ရမ်းကား ပစ်ခတ်နေပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ MRDA က သတင်း ထုတ်ပြန်ပါတယ်။

"လူတခေါ်သာသာ အကွာမှ သံပုရာသီး နှစ်လုံး သီတင်းကျွတ် လက်ဆောင်ပေးခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး နှစ်ဦး အင်အားလျော့သွားပြီး အချို့ ထိခိုက်ဒဏ်ရာသည်ဟု သိရှိရပါသည်။ ယင်းမစ်ရှင်တွင် M.R.D.A တပ်ရင်း (၆) ၊ တပ်ခွဲ (၂) စေတန်အဖွဲ့မှ ပြည်သူ့ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်များနှင့် အတတ်နိုင်ဆုံး ဝေးဝေးလံလံနေရန် အထူးမေတ္တာရပ်ခံလိုပါသည်" လို့ MRDA က ဖော်ပြပါတယ်။

မုံရွာ စီးပွားရေးဘဏ်ရှေ့မှာ စစ်အုပ်စုရဲ့ ပစ်ခတ် သတ်-ဖြတ်ခြင်း ခံလိုက်ရတဲ့ လူငယ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေ၊ ဌာနဆိုင်ရာရုံးတွေမှာ ဂိတ်တွေ ဖွင့်ထားပြီး ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ ရန်ပြု သောင်းကျန်းတာတွေ လုပ်ဆောင်နေသလို လက်နက်အားကိုးနဲ့ စိတ်ထင်တိုင်း ပစ်ခတ် သတ်-ဖြတ်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #MRDA

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ