ရဟန်းတွေက လူထွက်ပြီး PDF ကို တိုက်ခိုက်ချင်နေကြလို့ ထိန်းနေရတယ်လို့ စစ်အုပ်စုက မြင်းခြံမှာ ဝါဒဖြန့်၊ ဒီနှစ်ကုန်ရင် ပွဲပြီးပြီလို့လည်း ပြော

ရဟန်းတွေက လူထွက်ပြီး PDF ကို တိုက်ခိုက်ချင်နေကြလို့ ထိန်းနေရတယ်လို့ စစ်အုပ်စုက မြင်းခြံမှာ ဝါဒဖြန့်၊ ဒီနှစ်ကုန်ရင် ပွဲပြီးပြီလို့လည်း ပြော

MFP ၊ စက်တင်ဘာ - ၁၁

ရဟန်းသံဃာတွေ သတ်ဖြတ်ခံရနေရတဲ့ ဖြစ်စဉ်တွေကြောင့် လူထွက်ပြီး PDF တွေကို တိုက်ခိုက်ချင်တဲ့ ရဟန်းတွေ ရှိနေတဲ့အတွက် ထိန်းနေရတယ်လို့ စစ်အုပ်စုက မြင်းခြံမြို့မှာ ဝါဒဖြန့်ပြောဆိုခဲ့တယ်လို့ သတင်း ရရှိပါတယ်။

စက်တင်ဘာ (၉)ရက်က မြင်းခြံမြို့ခံ လုပ်ငန်းရှင်တွေကို အစည်ူအဝေးဟုဆိုကာ စစ်အုပ်စုက ခြေလျှင်တပ်ရင်း ခလရ (၁၅)ထဲ ခေါ်ယူပြီးနောက် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်တယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ရဟန်းသံဃာ ငါးသိန်းကျော်ရှိပြီး သတ်ဖြတ်ခံရတဲ့ သံဃာအပါး (၅၀) ကျော် ရှိနေတဲ့အတွက် အဲ့ဒါကို မကျေနပ်တဲ့ ရဟန်းတွေက လူထွက်ပြီး PDF တွေကို တိုက်ခိုက်ချင်နေကြတာလို့ စစ်အုပ်စုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ပြောဆိုချက်ဟာ ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ပြီး စစ်ခေါင်းဆောင်တွေနဲ့ ပလဲနံပသင့်တဲ့ ရဟန်းတချို့ရဲ့ ပြောဆိုမှုအပေါ် လိုရာဆွဲ မှတ်ယူထားတာ ဖြစ်နိုင်ကြောင်းနှင့် နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရဟန်းသံဃာတွေ အများအပြား ရှိနေတယ်လို့ မန္တလေးမြို့ခံ သံဃာတော်တွေက မိန့်ပါတယ်။

“ သူတို့ရဲ့ ဝါဒဖြန့်မှုအပေါ် ဘယ်ပြည်သူမှ ယုံကြည်မှု မရှိတော့ဘူးပေါ့၊ အာဏာသိမ်းပြီး ကတည်းက ဆန္ဒထွက်ပြတဲ့ ကလေးတွေကို ခေါင်းတွေ ပစ်ခတ်သ-တ်-ဖြတ်ခဲ့တုန်းက အသံမထွက်ခဲ့ဘဲ အခုချိန်မှ ဒါမျိုးတွေ ပြောလာတာက ဝါဒဖြန့်လာတာပဲ၊ သူတို့ အာဏာသိမ်းမှုကို လက်မခံတဲ့ ရဟန်းသံဃာတွေ အများကြီးရှိပါတယ် “ လို့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော် ဦးယောကြီးက မိန့်ပါတယ်။

စစ်အုပ်စုရဲ့ ဝါဒမှိုင်းအပေါ် ဂရုမစိုက်ကြဘဲ စစ်အာဏာရှင် အမြစ်ပြတ်ရေးကိုသာ အာရုံစိုက်ကြဖို့လည်း ဆရာတော်က တိုက်တွန်းပါတယ်။

မြင်းခြံမြို့က လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံရာမှာ စစ်အုပ်စုက တပ်တွင်းရှိ အောက်ခြေစစ်သားတွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ရာမှာ ပြောဆိုတဲ့ပုံစံအတိုင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဒီနှစ်ကုန်ရင် ပြီးစီးသွားမှာ ဖြစ်တယ်လို့လည်း လုပ်ငန်းရှင်တွေကို ချော့မော့ ပြောဆိုခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဆက်လက်ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ မနေ့က ညပိုင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ မင်းအောင်လှိုင်ရဲ့ တပ်တွင်း ပြောစကားတွေမှာတော့ နိုင်ငံတဝန်း စစ်ကောင်စီ လက်နက်ကိုင်တွေ အသေအပျောက်များနေတာနဲ့ ဖရိုဖရဲ အခြေအနေတွေကို ဝန်ခံထားပါတယ်။ ဒါ့အပြင် စစ်သင်တန်းကျောင်းက သင်ပေးတဲ့ စစ်ရေးနည်းဗျူဟာတွေဟာ လက်တွေ့မှာ အသုံးမဝင်တော့ကြောင်းနဲ့ အောက်ခြေစစ်သားတွေဟာ အသက်စွန့်ပြီး တိုက်ခိုက်မှု မလုပ်တဲ့အတွက် အာဏာသိမ်းမှု မအောင်မြင်သေးတာလို့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် အောက်ခြေစစ်သားတွေကို အပြစ်ဖို့ ပြောကြားထားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #သံဃာတော် #စစ်အုပ်စုဝါဒဖြန့်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ