မန္တလေး ဘုရားကြီးရှေ့မှာ မြတောင်စစ်ကြောင်းက မသူသူဇင်ကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီ လက်ပါးစေ ပျူအောင်ဆန်း ဆိုသူ သုတ်သင်ရှင်းလင်းခံရ၊

မန္တလေး ဘုရားကြီးရှေ့မှာ မြတောင်စစ်ကြောင်းက မသူသူဇင်ကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီ လက်ပါးစေ ပျူအောင်ဆန်း ဆိုသူ သုတ်သင်ရှင်းလင်းခံရ၊

MFP ၊ အောက်တိုဘာ - ၁၀

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး အရှေ့ဘက်မုဒ်အနီးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြတောင်စစ်ကြောင်းက အသက်(၂၀)ကျော်အရွယ် မသူသူဇင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီ လက်ပါးစေ ပျူစောထီး အောင်ဆန်းဆိုသူ ဒီမနက်ပိုင်း အိမ်ရှေ့မှာပဲ သုတ်သင် ရှင်းလင်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးအောင်ဆန်းဟာ မန္တလေးမြို့၊ လမ်း(၈၀)၊ (၄၁)လမ်းနဲ့ (၄၂)လမ်းကြားမှာ တိုးမေတ္တာ နိဗ္ဗာန်ကုန်ဆိုင် ဖွင့်ထားသူဖြစ်ပြီး ဒီနေ့ အောက်တိုဘာ(၁၀)ရက် မနက်ပိုင်းမှာ သေနတ်နဲ့ နှစ်ချက်အပစ်ခံရပြီး ပွဲချင်းပြီး သေတယ်လို့ ဆိုပါတယ်။

ပျူအောင်ဆန်း သုတ်သင်ခံရပြီးနောက် တစ်နာရီလောက် အကြာမှာ စစ်အုပ်စုက အဲဒီနေရာကို ရောက်လာပြီး အနီးဝန်းကျင်က ပြည်သူတွေကို အော်ဟစ်ဆဲဆို ရန်ပြု သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်(၂၇)ရက်က မဟာမြတ်မုနိဘုရားကြီး အရှေ့မုခ်အနီးမှာ မြတောင် သပိတ်စစ်ကြောင်းက လူငယ်တွေ စုပေါင်းပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေချိန် ပျူအောင်ဆန်း အပါအဝင် စစ်ကောင်စီ လက်ပါးစေတွေက အနီးအနားက ဆိုက်ကားဂိတ်ထဲကနေ လူငယ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငယ် သုံးဦး ကျည်ထိမှန်ခဲ့ပြီး အဲ့ဒီအထဲက အသက်(၂၅)နှစ်အရွယ် မသူသူဇင်ဟာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ပွဲချင်းပြီး ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်ပါးစေတွေက လူငယ်တွေကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် သွေးကွက်တွေကို သဲနဲ့ လိုက်ဖုံးခဲ့ပြီး သတင်းဖုံးအစဖျောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

မန္တလေးမှာ စစ်အုပ်စုက သူတို့ကို သစ္စာခံတဲ့ ပျူတွေ၊ လောင်းကစားသမားတွေနှင့် ထောင်ထွက် လူမိုက်တွေကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အဖြစ် ခန့်အပ်ထားသလို သေနတ်တွေ ထုတ်ပေးထားပြီး ပြည်သူ့စစ် အမည်ခံ အကြအမ်းဖက် အဖွဲ့တွေ ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ မြတောင် သပိတ်စစ်ကြောင်းက မသူသူဇင် /Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မသူသူဇင် #မြတောင်စစ်ကြောင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ