ရေစကြိုမှာ ရက်(၂၀)ကျော်ကြာ ကင်းထောက်စောင့်ဆိုင်းပြီး မိုင်းဆွဲလို့ စကစ နှစ်ယောက်သေ၊

ရေစကြိုမှာ ရက်(၂၀)ကျော်ကြာ ကင်းထောက်စောင့်ဆိုင်းပြီး မိုင်းဆွဲလို့ စကစ နှစ်ယောက်သေ၊

MFP၊ စက်တင်ဘာ - ၈

မကွေးတိုင်း ရေစကြိုနယ် ဂွေးချိုကျေးရွာအနီး ဆင်ချောင်း ဆည်ဘောင်ပေါ် ကင်းပုန်းဝပ်ဖို့ လာတဲ့ စကစ ခြောက်ယောက်ကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေတယ်လို Yasagyo Revolution Group (YRG) က သတင်း ထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာ(၇)ရက် ည(၈)နာရီခွဲက ဆင်ချောင်းဆည်ပေါ် ဆိုင်ကယ်နဲ့ လာပြီး ကင်းပုန်းဝပ်တဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ယောက် ပွဲချင်းပြီး သေကာ ကျန်သူတွေ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

"(ကင်းပုန်းဝပ်တာ) ပုံမှန်တော့ မရှိပါဘူး။ ကျနော်တို့ (မိုင်းဆွဲတိုက်ခိုက်ဖို့) ရက်(၂၀)ကျော် ကြာအောင် စောင့် ခဲ့ရပါတယ်" လို့ ရေစကြိုနယ် ရွှေညာမြေ PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ မိုင်းဆွဲ တိုက်ခိုက်မှုကို Shwe Nyar Myae (PDF)၊ KING COBRA People's Defense Force (PDF)| Urban Underground Revolution Force (UURF)| Yesagyo Revolution Group (YRG) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရက်(၂၀)လောက် ကင်းထောက် စောင့်ကြည့်ပြီးမှ အခုလို အပိုင် တိုက်ခိုက်ခဲ့တာလို့ ရွှေညာမြေ PDF က ပြောပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရ စစ်အုပ်စုက ရမ်းကား ပစ်ခတ်တာတွေ ရှိခဲ့သလို ဂွေးချိုရွာထဲ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုက ဆင်ချောင်းဆည်ဘောင်ဘက် လက်နက်ကြီးနဲ့ လေးကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို YRG တပ်ဖွဲ တော်လှန်ရေး ရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

အတွင်းသတင်းတွေအရ မိုင်းထိသေသူတွေဟာ ပျူတွေ ဖြစ်ပြီး စစ်အုပ်စုက ပျူတွေကို စစ်ယူနီဖောင်းနဲ့ လက်နက်တွေ ထုတ်ပေးကာ အသေခံတွေအဖြစ် အသုံးချနေတာလို့ အဲဒီရဲဘော်က ဆိုပါတယ်။

"အတွင်းက ပြောတာကတော့ ပျူနှစ်ကောင်တဲ့ဗျ။ သူတိုမှာ လက်နက်ခဲယမ်းရော၊ ယူနီဖောင်းရော အပြည့်အစုံ ရထားကြတာ" လို့ YRG တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်က ပြောပါတယ်။

ရေစကြိုနယ် ဂွေးချိုရွာမှာ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေ ရှိနေပြီး ရေစကြိုမြို့ တပ်ရင်း (၂၅၈)က စကစ အင်အား (၇၀)လောက်ဟာ ဂွေးချိုရွာထဲ စီးနင်းထားတာ ခြောက်လလောက် ရှိပြီလို့ ဒေသကာကွယ်ရေး တပ်ဖွဲတွေက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက ပြည်သူကို ရန်ပြု သောင်းကျန်းနိုင်တာကြောင့် ဒေသခံတွေ အနေနဲ့ ဂွေးချိုရွာဘက် သတိထား သွားလာကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။

စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ ရေစကြိုနယ် ဂွေးချိုရွာ ဆင်ချောင်းဆည်ဘောင်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ဂွေးချို 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ