စစ်ကိုင်း ဆားတောင်အနီးမှာ စစ်အုပ်စုရဲ့ (၁၂)ဘီးကား နှစ်စီးကို ရှေ့ဆင့်နောက်ဆင့် မိုင်းခွဲ၊ စကစ (၂၀)ကျော် သေနိုင်ဟုဆို၊

စစ်ကိုင်း ဆားတောင်အနီးမှာ စစ်အုပ်စုရဲ့ (၁၂)ဘီးကား နှစ်စီးကို ရှေ့ဆင့်နောက်ဆင့် မိုင်းခွဲ၊ စကစ (၂၀)ကျော် သေနိုင်ဟုဆို၊

MFP၊ သြဂုတ် - ၉

စစ်ကိုင်းမြို့နယ် ဆားတောင်နှင့် အုန်းတောကြား၊ စစ်ကိုင်း - ရွှေဘို ကားလမ်းမှာ ဒီမနက် အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီးကို ရှေ့ဆင့်နောက်ဆင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ (၂၀)ကျော် သေနိုင်တယ်လို့ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၂)၊ တပ်ခွဲ (၂)၊ တပ်စိပ် (၄) - နယ်စည်းမခြား စစ်ကိုင်းသား အဖွဲက သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ် (၉)ရက် မနက်(၄)နာရီကျော်က စစ်ကိုင်းဘက်က ထွက်လာတဲ့ စစ်အုပ်စုရဲ့ (၁၂) ဘီးကားနှစ်စီးကို အုန်းတောနဲ့ ဆားတောင်ကြားမှာ ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပထမကား မိုင်းဆွဲခံရပြီးနောက် နောက်ကားပေါ်က စကစတွေ မိုင်းဆင်းရှာနေချိန်မှာ လက်ကျန်မိုင်း သုံးလုံးနဲ့ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲက MFP ကို ပြောပါတယ်။

"အရင်တစ်စီးကို ပဒေသာ အရင်ကျွေးလိုက်တာ။ နောက်အစီးက ရောက်လာပြီး မိုင်ဆင်းအရှာ ကျန်မိုင်း ဆွဲလိုက်တာ။ အစုလိုက် အပြုံလိုက်ပဲ" လို့ နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုရဲ့ (၁၂)ဘီးကားတွေပေါ်မှာ တစ်စီးကို ခန့်မှန်းအင်အား စကစ (၄၀) လောက် လိုက်ပါလာပြီး ကားနှစ်စီးလုံး မိုင်းမိသွားတာကြောင့် ကားပေါ်ပါသူ စကစတပ်သား (၂၅)ယောက်ခန့် သေဆုံးနိုင်ပြီး (၁၅)ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို နယ်စည်းမခြား စစ်ကိုင်းသား၊ PHOENIX(SGG)၊ ဆားတောင်မိုးကြိုးနှင့် YOUNG WOLF အဖွဲတို ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

(၁၂)ဘီးကားနှစ်စီး မိုင်းဆွဲခံရပြီးနောက် သေဆုံးနဲ့ ဒဏ်ရာရ စကစတွေကို ဆားတောင်ဘက် သယ်သွားပြီး စစ်ကိုင်း-ရွှေဘို လမ်းအတိုင်း အထက်ကို ဆက်တက်နိုင်ခြေ ရှိတယ်လို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲတွေက ခန့်မှန်းပါတယ်။

"(၇)မြိုနယ် စစ်ကြောင်းထိုးမယ် ကြားတယ်။ ကောလင်း၊ ကန့်ဘလူဘက်ကို သွားချင်ရင်လည်း ဒီလမ်း (စစ်ကိုင်း - ရွှေဘိုလမ်း)က တက်မှ ရမှာ"လို ပြည်သူ့ရဲဘော်တစ်ဦးက မှတ်ချက်ပေးပါတယ်။

စစ်ကိုင်းတိုင်းက မြင်းမူ၊ မြောင်၊ ဒီပဲယင်း၊ ရေဦး၊ ကောလင်း၊ ကန့်ဘလူနဲ့ ယင်းမာပင်မြိုနယ်တွေမှာ စစ်အုပ်စုက စစ်ကြောင်းထိုးမယ်လို့ သတင်းတွေ ထွက်နေပြီး ယခုရက်ပိုင်းမှာ စစ်အုပ်စုက အင်အား ထပ်တိုး ပို့လွှတ်တာတွေ ရှီတယ်လို့လည်း သတင်းတွေ ကြားနေရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေက ဆိုပါတယ်။

"ထိတွေ့တိုက်ပွဲသံတွေ အချိန်တန်ရင် ကြားရမှာပါ။ စောင့်မျှော်နေတဲ့ အဖွဲတွေ ရှိပါတယ်ဗျ" လို့ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၂)၊ ခွဲ (၂)၊ တပ်စိပ် (၄) - နယ်စည်းမခြား စစ်ကိုင်းသားအဖွဲက တော်လှန်ရေးရဲဘော်က ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ကုန်းကြောင်းကသာမက လေကြောင်းအသုံးပြုပြီးတော့လည်း စစ်ကိုင်းတိုင်းထဲက PDF တွေကို တိုက်ခိုက်နေသလို လက်ရှိမှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်း တလျှောက်မှာ စစ်သင်္ဘောတွေ သုံးပြီး အထက်ပိုင်း ဒေသတွေကို လက်နက်နဲ့ ရိက္ခာတွေ တင်ပို့နေပါတယ်။

စစ်ကိုင်း - ရွှေဘို - မုံရွာ ကားလမ်းတလျှောက် သွားလာနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတွေကို ဒေသကာကွယ်ရေး တပ်တွေက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ သြဂုတ်(၄)ရက်ကလည်း အုန်းတောနဲ့ ဆားတောင်ကြားမှ စစ်အုပ်စုရဲ့ (၁၂)ဘီးကားတစ်စီးကို ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် သေတယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ရွှေဘို #ဆားတောင် #ကား #မိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ