မီးနေသည် အခန်းထဲထိ တိုးဝင်လာတဲ့ အကြမ်းဖက်မှု (သို့မဟုတ်) စစ်အာဏာသိမ်းမှုအောက် မလုံခြုံတဲ့ ဘဝတွေ

မီးနေသည် အခန်းထဲထိ တိုးဝင်လာတဲ့ အကြမ်းဖက်မှု (သို့မဟုတ်) စစ်အာဏာသိမ်းမှုအောက် မလုံခြုံတဲ့ ဘဝတွေ

ရေးသူ - MN(MFP)၊ ဆောင်းပါး၊

 

ကိုယ်အလေးချိန် ရှစ်ပေါင်နီးပါးအထိ ရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ သမီးဦးလေးကို အရပ်လက်သည်နဲ့ အောင်မြင်စွာ မီးဖွားနိုင်ခဲ့တဲ့ အညာသူ မမာလာ (အမည်လွှဲ)တစ်ယောက် မီးဖွားပြီးစ အမောမပြေခင် နာရီပိုင်း အတွင်းမှာပဲ စစ်ပြေးရဖို့ အကြောင်းဖန်လာပါတယ်။

 

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရွာ ရဲစခန်းက စစ်အုပ်စု လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မမာလာတို့ နေထိုင်တဲ့ ငါးရံ့အိုရွာဘက် စစ်ကြောင်းထိုး လာတာကြောင့် မီးဖွားပြီးစ မမာလာဟာ ရုတ်တရက် စစ်ဘေးရှောင် ထွက်ပြေးခဲ့ရပါတယ်။ မီးဖွားပြီးခါစ သွေးနု သားနုနဲ့ စစ်ရှောင်ခဲ့ရတဲ့ မမာလာဟာ ရုတ်တရက် အခြေအနေမှာ ရင်သွေးငယ်အတွက်ရော၊ သူ့အတွက်ပါ ဘာမှ ပြင်ဆင်ချိန်မရဘဲ စစ်အုပ်စု လက်ကလွတ်မြောက်ဖို့ ကလေးနဲ့အတူ ရွာအပြင် တောစပ်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

 

ဆေးရုံ၊ ဆေးခန်း မရှိလို့ အရပ်လက်သည်နဲ့ မီးဖွားရတာ၊ မီးဖွားပြီးစ နာရီပိုင်းအတွင်း စစ်ပြေးရတာ စတဲ့ ဒုက္ခတွေကို အသက်(၂၁)နှစ်အရွယ် အညာသူ မမာလာက ကျော်ဖြတ်နိုင်ခဲ့ပေမယ့် လူ့လောကထဲ ရောက်ရှိတာ နာရီပိုင်းသာ ရှိသေးတဲ့ သမီးလေးကတော့ အဲ့ဒီ ဒုက္ခတွေကို ကျော်ဖြတ်နိုင်တဲ့ အခြေအနေ မရှိခဲ့ပါဘူး။ ရာသီဥတုဒဏ် အပါအဝင် ဆေးဝါး၊ အနွေးထည်၊ အစားအသောက် စတဲ့ မပြည့်စုံမှုတွေကြား မမာလာတို့ စစ်ပြေးရပြီး တစ်ရက်အကြာ နောက်ရက်မှာတော့ သမီးဦးလေး ဆုံးပါးသွားခဲ့ပါတယ်။

photo_2023-12-15_13-46-11.jpg

မီးဖွားပြီး နှစ်ရက်အကြာမှာ ဆုံးပါးသွားတဲ့ ကိုဖိုးချစ်နဲ့ မမာလာတို့ရဲ့ သမီးဦး/Photo - ပေးပို့

အဲ့ဒီ အဖြစ်အပျက်တွေက ယခု ၂၀၂၃ အောက်တိုဘာ(၂၆)ရက်က စစ်ကိုင်းတိုင်း မြောင်မြို့နယ် ငါးရံ့အိုရွာမှာ ဖြစ်ပွားခဲ့တာပါ။ အသက်(၂၁)နှစ်အရွယ် မမာလာနဲ့ အမည်မပေးရသေးတဲ့ နှစ်ရက်သားအရွယ် သမီးဦးလေးတို့ သားအမိ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခအခက်အခဲတွေကို မမာလာရဲ့ ခင်ပွန်သည် ကိုဖိုးချစ်က ပြန်ပြောပြနေတာပါ။

 

“ကျွန်တော်က သမီး‌လေးမွေးတော့ အိမ်မှာရှိတာပေါ့။ ရွာအနီးမှာ စစ်ကြောင်းထိုးလာတော့ ရုတ်တရက် တောထဲကို စစ်ဘေးရှောင် လိုက်ရတယ်။ ကျွန်တော်ကတော့ တောထဲမှာ ကလေးနဲ့ စစ်ရှောင်နေချိန်မှာ သူ့တို့ သားအမိ အနားနေလိုက် (စခ)တွေ အခြေအနေ သွားကြည့်လိုက် နေရတာပေါ့။ ကလေးလေးက မွေးပြီး ခါစလည်း ဖြစ်တယ်၊ ဆေးဝါး အပါအဝင် ရာသီဥတု ဒဏ်တွေကြောင့် ဆုံးသွားတာပေါ့”

 

“ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ” ဆိုတဲ့ မြန်မာ့ဆိုရိုးအရ အမျိုးသမီးတွေ မီးဖွားချိန်ဟာ အသက်အန္တရာယ် ကျရောက်နိုင်ချေ အများဆုံး အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မီးဖွားပြီးစ တစ်ပါတ်လောက်ကို မီးနေသည်အဖြစ် သတ်မှတ်ပြီး ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးအတွက် အထူးဂရုတစိုက် နေထိုင် ကြရပါတယ်။ မီးဖွားချိန် သွေးဆင်တာ များတာ၊ မွေးရခက်တာတွေ ကြုံရနိုင်သလို သွေးနုသားနု အခြေအနေမှာ ထိတ်လန့်တုန်လှုပ်စရာတွေ ကြုံရရင်လည်း အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မီးနေသည် အချိန်မှာ ပေါ့ဆမိရင် မိခင်ရော၊ ကလေးအတွက်ပါ ရောဂါဘယတွေ ဖြစ်ပွားပြီး တသက်တာ နာတာရှည် ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

 

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေ၊ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာပြည် အလယ်ပိုင်း အညာဒေသမှာတော့ အမျိုးသမီးတွေဟာ မီးနေသည် အချိန်ကာလမှာပဲ ကိုယ့်အိမ်ကိုယ်ယာမှာ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့် မရဘဲ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။ လက်နက်အားကိုးနဲ့ ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့တဲ့ စစ်အုပ်စုက တွေ့သမျှပြည်သူကို ကလေး၊လူကြီး အရွယ်မရွေး၊ ယောင်္ကျား၊မိန်းမ မရွေးဘဲ ဖမ်းဆီး သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာ၊ သတ်ဖြတ်ပြီး နားရွက်ဖြတ် နားကပ်လုယူတာ မျိုးတွေအထိ ကျူးလွန်ပါတယ်။ ဒါကြောင့် စစ်အုပ်စု စစ်ကြောင်းထိုး ဝင်လာတာနဲ့ ဒေသခံပြည်သူတွေဟာ စစ်အုပ်စု လက်က လွတ်မြောက်ဖို့ စစ်ဘေးရှောင် ထွက်ပြေးရပြီး လွတ်အောင်မပြေးနိုင်သူ အများစုဟာလည်း သတ်ဖြတ်ခြင်း ခံရပါတယ်။

 

မြောင်နယ်သား ကိုဖိုးချစ်နဲ့ မမာလာတို့က တစ်ရွာတည်းသားတွေ မဟုတ်ပေမယ့် တနယ်တည်းသားတွေပါ။ ကိုဖိုးချစ်က အသက်(၂၇)နှစ်အရွယ် ဖြစ်ပြီး မမာလာထက် အသက် ခြောက်နှစ် ပိုကြီး ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက် လွန်ခဲ့တဲ့ နှစ်နှစ်ကမှ သူတို့ နှစ်ဦး လက်ထပ်ခဲ့ကြတာပါ။ လက်ထပ်ပြီးနောက် မမာလာက ယောင်နောက်ဆံထုံးပါ ဆိုသလို ကိုဖိုးချစ်တို့ ရွာကို လိုက်နေခဲ့ပါတယ်။

 

အထက်ပါ အောက်တိုဘာ(၂၆)ရက်က စစ်အုပ်စု စစ်ကြောင်းထိုးလို့ မီးဖွားပြီးစ မမာလာတို့ သားအမိ တောတောင်ထဲ စစ်ပြေးရချိန်မှာတော့ ကိုဖိုးချစ်အနေနဲ့ အချိန်ပြည့် အနားမှာ နေပြီး မစောင့်ရှောက်နိုင်ခဲ့ပါဘူး။ ကိုဖိုးချစ်ဟာ ရပ်ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲဘော်အဖြစ်လည်း တာဝန် ထမ်းဆောင်နေတာမို့ တစ်ရွာလုံး စစ်ပြေးနေရချိန်မှာ မမာလာတို့ သားအမိနား လာလိုက်၊ စစ်အုပ်စုရဲ့ အခြေအနေကို သွားကြည့်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။

 

တောတောင်ထဲ စစ်ပြေးရင်း အောက်တိုဘာ(၂၇)ရက်မှာ သမီးလေး ဆုံးပါးခဲ့ပေမယ့် စစ်အုပ်စုက ရွာကို ဆက်လက် စီးနင်းလုယက် အကြမ်းဖက်နေတာကြောင့် မမာလာတို့ မိသားစုတွေ အိမ်မပြန်ဝံ့သေးဘဲ သမီးလေး ဆုံးပါးပြီး သုံးရက်အကြာ အောက်တိုဘာ(၂၉)ရက်မှာမှ ရွာပြန်နိုင်ပြီး သင်္ဂြိုဟ်နိုင်ခဲ့တယ်လို့လည်း ကိုဖိုးချစ်က ပြောပါတယ်။

 

“သူ့သမီးလေး ဆုံးသွားတော့ တနုံ့နုံ့နဲ့ သူ(မမာလာ) ခံစားနေရတာပေါ့ဗျာ။ နေ့တိုင်းလိုလို ခံစားနေရတာပေါ့။ ကျွန်တော်တို့က ဝိုင်းဝန်း နှစ်သိမ့်ပေးတော့မှ သူ့စိတ်ကလေးက ပုံမှန် ပြန်ဖြစ်လာတာပေါ့။ သူကိုလည်း ကျွန်တော်က တော်တော်လေး နှစ်သိမ့်ပေးလိုက်ရတာပေါ့။ သူက သမီးလေးအပေါ်မှာ အတော်လေးကို မျှော်လင့်ထားတယ်။ ကျွန်တော်ကလည်း ကိုယ့်ရဲ့ အသည်းဦးလေး ဖြစ်တဲ့ သမီးဦးလေးကို မျှော်လင့်ထားတာတွေ အများကြီးပေါ့ဗျာ။ ဒါတွေက ရက်ပိုင်းနဲ့ ပျောက်ကွယ်သွားတာပေါ့”

 

မမာလာနဲ့ ကိုဖိုးချစ်တို့အပေါ် ကျရောက်လာတဲ့ ကံကြမ္မာဆိုးတွေနဲ့ ဒီလောက်နဲ့ မရပ်တန့်ခဲ့ပါဘူး။

 

သမီးလေး ဆုံးပါးပြီး နှစ်ပတ်အကြာ နိုဝင်ဘာ(၁၀)ရက်မှာတော့ မမာလာလည်း ထပ်မံ ဆုံးပါးခဲ့ရပါတယ်။ စစ်အုပ်စုက လေကြောင်း ဗုံးကြဲတာကြောင့်ပါ။ နိုဝင်ဘာ(၁၀)ရက်က မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က ပြည်သူကို ရန်ပြု ငွေညှစ်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ချိန် စစ်အုပ်စုက ရေစကြိုနယ် ရေလယ်ကျွန်းဒေသနဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ်က ကိုဖိုးချစ်တို့ရဲ့ ငါးရံ့အိုရွာကို တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုအတွင်း မမာလာနဲ့ ကိုးဖိုးချစ်တို့ရဲ့ နေအိမ်လေး ပျက်စီးခဲ့သလို မမာလာ မှာလည်း ဗုံးဆံထိပြီး ပြင်းထန်ဒဏ်ရာ ရခဲ့ပါတယ်။ အဲ့ဒီ ဒဏ်ရာကို လုံလောက်တဲ့ ဆေးဝါးကုသနိုင်မှု မရရှိတာကြောင့် နိုဝင်ဘာ(၁၀)ရက်မှာပဲ မမာလာ ဆုံးပါးခဲ့ပါတယ်။

 

ဒဏ်ရာရတဲ့ မမာလာကို နီးစပ်ရာ နွေဦးဆေးခန်းတစ်ခုမှာ သွားရောက် ကုသခဲ့ပေမယ့် ဒဏ်ရာ ပြင်းထန်ပြီး သွေးထွက်လွန်ကာ ဆုံးပါးခဲ့တာ ဖြစ်တယ်လို့ ကိုဖိုးချစ်က ပြောပါတယ်။

 

“အမျိုးသမီး လေကြောင်းကနေ ပစ်တဲ့ လက်နက်ထိတော့ ကျွန်တောာ်က တောထဲဘက်မှာပေါ့။ ကျွန်တော့် အမျိုးသမီး ထိသွားတယ်လို့ ကြားတော့ အိမ် ပြန်ရောက်လာပြီးတော့ သူ့ကို နီးစပ်ရာ ဆေးခန်းကို ပို့နိုင်ခဲ့တယ်။ သွေးတွေလည်း သွင်းပေးပေမယ့် နောက်ဆုံး သွေးထွက်လွန်ပြီးတော့ ဆုံးသွားခဲ့တယ်”

photo_2023-12-15_13-53-13.jpg

စစ်အုပ်စုက လေကြောင်းဗုံးကျဲလို့ ထိမှန်ဒဏ်ရာရတဲ့ မမာလာ/Photo - ပေးပို့

မမာလာနဲ့ သမီးလေး ဆုံးပါးချိန်ဟာ (၁၄)ရက်သာ ကွာခြားခဲ့ပါတယ်။ မမာလာကို ကျေးရွာမှာပဲ သင်္ဂြိုဟ် ခဲ့တယ်လို့ ကိုဖိုးချစ်က ပြောပါတယ်။

 

ကိုဖိုးချစ်နဲ့ မမာလာရော၊ သူတို့ရဲ့ နှစ်ဖက်မိဘတွေဟာ တောင်သူလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုကြပြီး ဆင်းရဲ ချို့တဲ့ကြတဲ့ မိသားစုတွေပါ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ရရာနည်းနဲ့ အာဏာသိမ်း စစ်အုပ်စုကို ခုခံတော်လှန်ခဲ့ကြပါတယ်။ မမာလာရဲ့ သမီးလေး မဆုံးပါးခင် အောက်တိုဘာ(၂၅)ရက်ကလည်း မမာလာရဲ့ ဦးလေးဖြစ်သူ၊ ကျေးရွာ တော်လှန်ရေး ခေါင်ဆောင်ဟာလည်း မိုင်းမတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကိုဖိုးချစ်ရဲ့ မိသားစုဝင် ညီတစ်ဦးဟာလည်း မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ အလုပ်လုပ်ကိုင်နေရင်း ပြီးခဲ့တဲ့ နှစ်အတွင်းက စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

 

ဇနီးလည်း ဆုံး၊ သမီးလည်း ဆုံး ရုံမက နေအိမ်ပါ ပျက်စီးခဲ့တာကြောင့် အမြတ်တနိုး တန်ဘိုးထားခဲ့တာတွေ ရက်ပိုင်းအတွင်း ဆုံးရှုံး ပျောက်ကွယ်ခဲ့ရတဲ့ ကိုဖိုးချစ်က သူ့အနေနဲ့ ရူးမတတ် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

 

“ကိုယ့်မယားနဲ့ ကိုယ့်သမီး ဆုံးရှုံးလိုက်ရတော့ ကျွန်တော့်မှာ အရူး တစ်ယောက်လို ပါပဲ။ ကျွန်တော့် သမီးလေးဆိုရင် နာမည်တောင်မှ မပေးရသေးပါဘူး။ ဘဝကြီး တစ်ခုလုံး ပျက်စီး ဆုံးရှုံးလိုက်ရသလိုပေါ့ဗျာ။ ခံစားချက်ကို ပြောမပြတတ်တော့ဘူး”

 

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ထင်တိုင်းကျဲ သတ်ဖြတ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ခုခံတော်လှန်တဲ့ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်တွေ အားကောင်းလာချိန်မှာ စစ်အုပ်စုက ထင်တိုင်းကျဲ ဖမ်းဆီးသတ်ဖြတ်ရုံမက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ထုတာတွေ ပိုမို ကျူးလွန်လာပါတယ်။

 

ပဋိပက္ခတွေ၊ စစ်ပွဲတွေ ဖြစ်ပေါ်တိုင်း အဆိုးရွားဆုံး ထိခိုက်ခံစားရသူတွေဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံတွင်း ပေါ်ပေါက်နေတဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်း စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်တာရော၊ စစ်အုပ်စုက ကိုယ်တိုင် ဖမ်းဆီး သတ်ဖြတ်တာ မဟုတ်ပေမယ့် မမာလာတို့လို စစ်ဘေးရှောင် ထွက်ပြေးရင်း သေဆုံးသူတွေ အပါအဝင် စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ရာထောင်ချီ ရှိနေပါတယ်။

 

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၃ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတဝန်း စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်မှု အပါအဝင် စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် အသက် သေဆုံးတဲ့ အမျိုးသမီး (၆၆၄)ဦး ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် စစ်အာဏာသိမ်းတဲ့ သုံးနှစ်နီးပါးအတွင်း အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထားတဲ့ အမျိုးသမီး (၂၄၄၀) ကျော် ရှိတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂ က ဆိုပါတယ်။

 

အဲ့ဒီ အရေအတွက်ဟာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ကောက်ယူထားတဲ့ စာရင်းနဲ့ သတင်းမီဒီယာတွေ ဖော်ပြထားတဲ့ သတင်းအချက်းအလက်တွေအပေါ် အခြေခံ ပြုစုထားတာ ဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ က ဆိုပါတယ်။ (AAPP ဆိုတာကတော့ စစ်အာဏာသိမ်းစ ၂၀၂၁ ဖေဖေါ်ဝါရီက စတင်ပြီး စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နေ့စဉ် မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။)

 

ယခု ၂၀၂၃ နိုဝင်ဘာ တစ်လထဲမှာပဲ နိုင်ငံတဝန်း စစ်အုပ်စု ရန်ကြောင့် အမျိုးသမီး(၃၈)ဦး အသက် ဆုံးရှုံး ခဲ့တယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြပါတယ်။ အဲဒီ သေဆုံးသူ အမျိုးသမီးတွေထဲ စစ်အုပ်စုက အရပ်သားပြည်သူ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ (၁၉)ဦး၊ စစ်အုပ်စုက ပစ်သတ်လို့ သေဆုံးသူ လေးဦးနဲ့ ကျန် (၁၃) ဦးက စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

 

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ပေါက်နေတဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကလည်း ထောင်သောင်းချီ ရှိနိုင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အဲ့ဒီလို ထိခိုက်ခံစားရသူ အရေအတွက်ကိုတော့ စာရင်းပြုစုနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။

 

အာဏာသိမ်း စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးကာလ ခုခံတော်လှန်မှု အားကောင်းတဲ့ အညာဒေသမှာ သာမက နိုင်ငံတဝန်းမှာ ရွာမီးရှို့တာ၊ လူသတ်တာ၊ ဖမ်းဆီးတာ၊ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာ၊ ဖမ်းဆီးထားသူတွေကို စစ်ကြောရေးခန်းတွေမှာ အဓမ္မပြုကျင့်တာနဲ့ နှိပ်စက် သတ်ဖြတ်တာတွေကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းက ဗုံးကြဲ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ထုတာတွေလည်း ဆက်လက် ကျူးလွန်နေပါတယ်။

photo_2023-12-15_13-42-58.jpg

စစ်အုပ်စုက လေကြောင်းဗုံးကျဲလို့ ထိမှန်ဒဏ်ရာရတဲ့ မမာလာ/Photo - ပေးပို့

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ပေါက်နေတဲ့ ပဋိပက္ခနဲ့ စစ်ပွဲတွေ၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် နိုင်ငံတဝန်းက ပြည်သူတွေဟာ မလုံခြုံမှု၊ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ဖြတ်သန်းနေရတာ သုံးနှစ်နီးပါး ရှိလာပါပြီ။

 

စစ်အုပ်စုဟာ နွေဦးတော်လှန်ရေး ခုခံတော်လှန်စစ်တွေ အားကောင်းလာချိန် တော်လှန်ရေး ရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ဖို့အတွက် အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာမျိုးကို လက်နက်တစ်ခုအနေနဲ့ပါ အညာမှာတော့ ပေါ်ပေါ်တင်တင် ကျူးလွန်လာပါတယ်။

 

ပြီးခဲ့တဲ့ လတွေအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်က ဧရာဝတီမြစ်ကမ်းက တော်လှန်ရေး စခန်းတစ်ခုကို စစ်အုပ်စုက စီးနင်းချိန် တော်လှန်ရေး ရဲဘော် (၂၀)ကျော်ကို ဖမ်းဆီး သတ်ဖြတ် မီးရှို့ရာမှာ တော်လှန်ရေး ရဲမေ အမျိုးသမီး နှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး မီးမရှို့ဘဲ ဝတ်လစ်စလစ် အလောင်းတွေကို လူမြင်ကွင်းမှာ ချန်ထားခဲ့တာမျိုး ကျူးလွန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မန္တလေ - ရွှေဘို လမ်းပေါ်က ကျီးကန် (မြောက်)ရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ချိန်မှာလည်း ဖမ်းမိတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးရဲ့ ဇနီးသည်၊ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို ဖခင်ရှေ့မှာပဲ အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး မိန်းမကိုယ်ထဲ အချိန်ရည်ဗူးတွေ ထိုးထည့်ကာ အလောင်းကို လူမြင်ကွင်းမှာ စွန့်ပစ်ထားခဲ့တာမျိုး ကျူးလွန်ခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မိခင်ရော၊ အရွယ်မရောက်သေးတဲ့ သမီးနှစ်ဦးကိုပါ မိသားစုလိုက် ဖမ်းဆီးပြီး အဓမ္မပြုကျင့် သတ်ဖြတ် မီးရှို့တာ၊ စစ်ကိုင်းတိုင်း တန့်ဆည်နယ်မှာလည်း ကလေးမိခင်တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်တာ၊ မုံရွာခရိုင် ချောင်းဦးမြို့နယ်မှာ သာသနာ့ဘောင် ဝင်ရောက်နေတဲ့ မယ်သီလရှင် ဆရာလေး တစ်ပါးကို ဖမ်းဆီးပြီး အဓမ္မပြုကျင့်တာ၊ မုံရွာမြို့ပေါ်မှာလည်း မနက်ပိုင်း စျေးရောင်းစျေးဝယ် လာရောက်တဲ့ အမျိုးသမီးငယ်တွေကို စစ်အုပ်စုဂိတ်ထဲ ဖမ်းခေါ်ပြီး အဓမ္မပြုကျင့်တာ မျိုးတွေ စစ်အုပ်စုက ကျူးလွန်ခဲ့တယ်လို့ ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

 

စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေမှာ ကိုယ်တိုင်သာမက မိသားစုတွေ ဟာလည်း စိတ်ဒဏ်ရာတွေ ရရှိ ခံစားနေကြရတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

 

“တချို့ အဓမ္မပြုကျင့်မှုနဲ့ ကြုံရတဲ့ အမျိုးသမီးတွေဆိုရင် အပြင်ထွက်ဖို့ ကြောက်ကြတယ်ပေါ့။ တချို့ဆိုရင် ငိုလိုက် ရယ်လိုက် ဖြစ်ကြတယ်။ စိတ်မတည်ငြိမ် တော့ဘူးပေါ့။ နောက်ဆုံး သေကြောင်းကြံဖို့ပါ စိတ်တွေ ဖြစ်လာတယ်လို့ အမျိုးသမီးတစ်ဦးက ပြောဖူးတယ်။ စိတ်ဒဏ်ရာတွေ ရသွားကြတာပေါ့။ အခုကာလက အမျိုးသမီးတွေဟာ ဘယ်ပဲသွားသွား မလုံခြုံဘူး ဖြစ်နေတာပေါ့။ သူတို့က(စစ်အုပ်စု) မယ်သီလတောင် မရှောင်ဘူးလေ”လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မမိုးက ဆိုပါတယ်။

411150846_409904021368724_1358266279374182173_n.jpg

စစ်အုပ်စု လေကြောင်းဗုံးကြဲလို့ ပျက်စီးသွားတဲ့ ကိုဖိုးချစ်နဲ့ မမာလာတို့ရဲ့ နေအိမ်ကို ပြန်လည်တည်ဆောက်နေစဉ်/Photo - ပေးပို့

စစ်အုပ်စု ရန်ကြောင့် သမီးဦးလေးရော၊ ဇနီးသည်ပါ ဆုံးရှုံးခဲ့ရပြီး နေအိမ်လေးပါ ထိခိုက်ပျက်စီးသွားကာ အရူးတပိုင်း ဖြစ်နေတဲ့ ကိုဖိုးချစ်အတွက် ရပ်ရွာက ဝိုင်းဝန်းကူညီ ထောက်ပံ့ပြီး အိမ်ကလေးကို ပြန်လည် တည်ဆောက် ပေးထားပါတယ်။

 

ကိုဖိုးချစ်ကတော့ အဲ့ဒီ အိမ်လေးထဲမှာ နေထိုင်ရင်း အာဏာသိမ်း စစ်အုပ်စုကို အမြစ်ဖြတ် တိုက်ခိုက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ထွန်းလာသည်အထိ ဆက်လက် တိုက်ပွဲဝင်မယ်၊ ဆုံးပါးသွားတဲ့ သမီးလေးနဲ့ ဇနီးသည်အတွက် ရည်ရွယ်ပြီး တော်လှန်ရေး ဆုံးခန်းတိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။

photo_2023-12-15_13-46-10.jpg

ကိုဖိုးချစ်နဲ့ မမာလာတို့ရဲ့ မင်္ဂလာပွဲ/Photo - ပေးပို့

“ကျွန်တော့်မှာ အမျိုးသမီးဆုံးတာရော ကလေးရော ဆုံးတာဆိုတော့ အတော်တော့ ခံစားလိုက်ရတယ်။ အရူး တစ်ယောက်လိုပါပဲ။ အပေါင်းအသင်း မိတ်ဆွေတွေကတော့ အားလုံး ဝိုင်းဝန်း အားပေး နှစ်သိမ့်ပေးကြတာပေါ့။ ဘာနဲ့ ဖြေသိမ့်လဲဆိုတော့ ဒီတော်လှန်ရေးကြီးဟာ သူတို့မှ မဟုတ်ဘူး ကိုယ်တွေလည်း ကျချင်လည်း ကျမယ်။ သက်ရှိထင်ရှား ဆက်ရှိဦးမယ် ဆိုရင်လည်း မနိုင်နိုင်တဲ့ နည်းနဲ့ပဲ အဆုံးထိ ဒီကောင်တွေ(စစ်အုပ်စု)ကို ချသွားမှာ"

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ