နယ်မြေစိုးမိုးဖို့ စစ်အုပ်စုလက်အောက်ခံတွေ တွေ့ဆုံပွဲလုပ်နေစဉ် ဗုံးထုခံရ

နယ်မြေစိုးမိုးဖို့ စစ်အုပ်စုလက်အောက်ခံတွေ တွေ့ဆုံပွဲလုပ်နေစဉ် ဗုံးထုခံရ

MFP ၊ စက်တင်ဘာ - ၁

မန္တလေးမြို့မှာ နယ်မြေစိုးမိုးဖို့အကြံအစည်နဲ့ ပြည်သူတွေကို တွေ့ဆုံပွဲလုပ်နေတဲ့ စစ်အုပ်စုကို ဗုံးထုခံခဲ့ရတယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ (၄၀×၄၁)နဲ့ (၇၁×၇၂)လမ်းကြားမှာရှိတဲ့ ဗောဓိကုန်းဘုရားဝန်းအတွင်း အနောက်ဘက်မုခ် ဓမ္မာရုံမှာ စစ်အုပ်စုနဲ့ ရပ်ကွက်နေ ပြည်သူအချို့ တွေ့ဆုံပွဲလုပ်ဆောင်နေချိန် ဒီနေ့မနက် (၁၀)နာရီခန့်မှာ ဗုံးထုခံခဲ့ရတာ ဖြစ်ပါတယ်။

ဆိုင်ကယ်နဲ့ လူတစ်ဦးက လာရောက်ဗုံးထုသွားတာဖြစ်ပြီး လမ်း (၄၀)အတိုင်း မောင်းနှင်သွားတယ်လို့ စစ်အုပ်စုဘက်က ဆိုပါတယ်။

ဗုံးထုခံရတဲ့အတွက် တွေ့ဆုံပွဲတက်ရောက်လာတဲ့ အသက် (၆၂)နှစ်အရွယ် အမျိုးသားတစ်ဦး အုတ်လှေကား အင်္ဂတေစထိမှန်ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့လည်း သတင်းရင်းမြစ်အချို့က ဆိုပါတယ်။

ဒါ့အပြင် ဗုံးထုခံရတဲ့ ဓမ္မာရုံနဲ့ ကိုက် (၂၀၀)ခန့်အကွာ လမ်းဘေးအမှိုက်ပုံမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးကိုလည်း တွေ့ခဲ့ရတယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ အခုရက်ပိုင်း မန္တလေးမြို့ပေါ်မှာ နယ်မြေစိုးမိုးဖို့ စစ်ကြောင်း(၅)ကြောင်းနဲ့ ပြည်သူတွေကို တွေ့ဆုံပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်တွေမှာ လိုက်လံတွေ့ဆုံနေတာဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဗောဓိကုန်းဘုရားဝင်း #စစ်အုပ်စုတွေ့ဆုံပွဲ #ဗုံးထုခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ