ကန့်ဘလူ ကိုးတောင်ဘို့မှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး ဖက်ဆစ်တပ်သား သုံးယောက်သေ၊ ဖက်ဆစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အိမ်ထဲမှာနေတဲ့ အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံး၊

ကန့်ဘလူ ကိုးတောင်ဘို့မှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး ဖက်ဆစ်တပ်သား သုံးယောက်သေ၊ ဖက်ဆစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အိမ်ထဲမှာနေတဲ့ အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံး၊

MFP၊ သြဂုတ် - ၁၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ ကျေးရွာထဲ စီးနင်း အထိုင်ချနေတဲ့ ဖက်ဆစ်တပ်ကို ဒေသ ကာကွယ်ရေး တပ်တွေက နှစ်ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား သုံးယောက် သေတယ်လို ကိုးတောင်ဘို့ တော်လှန် ရေးအင်အားစု (KTB-R) သတင်း ထုတ်ပြန်ပါတယ်။

ကိုးတောင်ဘို့ရွာထဲ စီးနင်းအထိုင်ချနေတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး တပ်တွေက သြဂုတ်(၁၆)ရက် ညပိုင်း ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲချိန် နှစ်နာရီခန့် ကြာမြင့်ပြီး ဖက်ဆစ်တပ်သား သုံးယောက် သေတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ ဖက်ဆစ်တပ်က ကိုးတောင်ဘို့ရွာက လူနေအိမ်တွေကို ပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်ခဲ့ပြီး နေအိမ်တချို့ ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် (၁၈)ရက် မနေ့က ညနေ(၅)နာရီမှာလည်း ကိုးတောင်ဘိုရွာထဲ လှည့်နေတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲတွေက တိုက်ခိုက်ခဲ့ပြီး ဖက်ဆစ်တပ်ဘက်သား အသေအပျောက် အခြေအနေ မသိရသေးပေမယ့် ဖက်ဆစ်တပ်က ထုံးစံအတိုင်း လူနေရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုးတောင်ဘို့ ဘူတာအနီး သံလမ်းအနောက်ဘက်က နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကာ အိမ်ရှင် အသက်(၅၀)ဝန်းကျင် အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို KTB-R တပ်ဖွဲက တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောတယ်။

"တစ်ဦးက နာမည် သိရတယ်။ မခင်မာဝင်းပါ။ နောက်တစ်ဦးနာမည်က မသိရသေးဘူး။ သူက တခြားရွာကနေ သူ့ညီမ ရှိတဲ့ အိမ်ကို လာနေတာ။ အသက်(၅၀)ဝန်းကျင် အမျိုးသမီးတွေပါ"လို အဲဒီရဲဘော်က ရှင်းပြပါတယ်။

ကိုးတောင်ဘိုရွာထဲ ဖက်ဆစ်တပ်တွေ စီးနင်းသောင်းကျန်းနေတာကြောင့် ကိုးတောင်ဘို့ရွာမ၊ ကွက်သစ်၊ ပိတောက်ခုံ၊ ကျွန်းကုန်း စတဲ့ ရပ်ကွက်တွေက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ အိမ်မှာ မနေရဲတော့ဘဲ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိ ကိုးတောင်ဘို့ရွာထဲ ဆက်လက်နေထိုင်သူ အနည်းအကျည်းသာ ရှိတော့ပြီး ဖက်ဆစ်တပ်ကလည်း ထင်တိုင်းကျဲ လုယက်သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးတောင်ဘို့ရွာထဲက ဖက်ဆစ်တပ်ဟာ သူတို့ တိုက်ခိုက်ခံရချိန်တိုင်း လူနေရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြီးခဲ့တဲ့ လတွေအတွင်း မြေးအဖိုး သုံးဦးနှင့် သားအဖ၊တူဝရီး သုံးဦး သေဆုံးတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကိုးတောင်ဘို့ #ပြည်သူ #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ