ကလေးမြို့မှာ ဖက်ဆစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ သုံးယောက် သေဟုဆို၊ ပြည်သူတစ်ဦး မိုင်းထိတဲ့အတွက် တောင်းပန်ကြောင်း PDF Kalay ထုတ်ပြန်၊

ကလေးမြို့မှာ ဖက်ဆစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ သုံးယောက် သေဟုဆို၊ ပြည်သူတစ်ဦး မိုင်းထိတဲ့အတွက် တောင်းပန်ကြောင်း PDF Kalay ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၂၆

စစ်ကိုင်းတိုင်း ကလေးမြို့ စက်မှုဇုန်တံတားအနီးမှာ ဒီမနက်ပိုင်း ဖက်ဆစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်တစ်ယောက် အပါအဝင် ဖက်ဆစ်တပ်သား သုံးယောက် သေတယ်လို့ People's Defence Force (Kalay) – PDF Kalay က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၂၆)ရက် မနက်(၆)နာရီကျော်က ကလေးတက္ကသိုလ်ဘက်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း သွားလာနေတဲ့ အင်အား (၄၀)ခန့်ပါ ဖက်ဆစ်တပ်ကို စက်မှုဇုန်တံတားအနီးမှာ PDF (Kalay) မြိုပြပျောက်ကျား စစ်ဆင်ရေးတပ်ဖွဲဝင်တွေက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေနဲ့ ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲမှ အရာရှိအဆင့် တစ်ဦး အပါအဝင် စုစုပေါင်း သုံးဦး သေဆုံးပြီး (၁၀)ဦးထက်မနည်း မိုင်းထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရပါသည်။ မိုင်းခွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှ ပန်းရံလုပ်သား နှစ်ဦးကိုလည်း ဖမ်း‌ဆီးသွားခဲ့ကြောင်း သိရပါသည်” လို့ PDF Kalay က ဖော်ပြပါတယ်။

အဲ့ဒီ မိုင်းဆွဲတိုက်ခိုက်မှုမှာ ဒေသခံပြည်သူ တစ်ဦး ထိမှန်သွားတဲ့အတွက် တောင်းပန်ပါကြောင်းလည်း PDF Kalay က ဆိုပါတယ်။

“မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ရာနေရာအနီး၌ ဖြတ်သန်းသွားလာခဲ့သော ပြည်သူ တစ်ဦး မိုင်းထိမှန်ခဲ့ကြောင်း သိရသည့်အတွက် PDF (Kalay) တပ်ဖွဲဝင်များက အနူးအညွှတ် တောင်းပန်အပ်ပါသည်။ ပြည်သူများအနေဖြင့် လုံခြုံရေး အထူးသတိပြု၍ စစ်ကောင်စီ တပ်ဖွဲများကို ဝေးဝေးမှ ကြိုတင် ရှောင်ရှားကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်” လို့ PDF Kalay က ဖော်ပြပါတယ်။

ယခုရက်ပိုင်းအတွင်း ကလေးနယ်ထဲမှာ သာမက ကလေးမြို့ပေါ်မှာပါ ဖက်ဆစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လက်နက်ခဲယမ်းတွေ အထောက်အပံ့ လိုအပ်နေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #မိုင်း #KalayPDF #P

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ