စဉ့်ကိုင် ပုလိပ်မှာ စစ်အုပ်စုကို တိုက်ခိုက်မှု ပုလိပ် စခန်းမှူး ဇော်ဝင်း နှင့် ဗိုလ်မှူး ဇော်ဇော်နိုင် သေ၊ ပုလိပ် လျှပ်စစ် (EPC) မန်နေဂျာ ဇွဲညီညီဝင်းနှင့် စကစ တစ်ယောက် ဒဏ်ရာရပြီး စစ်အုပ်စုက ဒေသခံတွေကို ဖမ်းဆီး၊

စဉ့်ကိုင် ပုလိပ်မှာ စစ်အုပ်စုကို တိုက်ခိုက်မှု ပုလိပ် စခန်းမှူး ဇော်ဝင်း နှင့် ဗိုလ်မှူး ဇော်ဇော်နိုင် သေ၊ ပုလိပ် လျှပ်စစ် (EPC) မန်နေဂျာ ဇွဲညီညီဝင်းနှင့် စကစ တစ်ယောက် ဒဏ်ရာရပြီး စစ်အုပ်စုက ဒေသခံတွေကို ဖမ်းဆီး၊

MFP ၊ အောက်တိုဘာ - ၄

မန္တလေးတိုင်း၊ ကျောက်ဆည်နှင့် စဉ့်ကိုင်ကြားမှာ မနေ့က နေ့လည်ပိုင်းက လျှပ်စစ်မီတာခတွေ ဘဏ်သွားသွင်းမယ့် ပုလိပ်မြို့က စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေ လိုက်ပါလာတဲ့ ကားကို မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပုလိပ်စခန်းမှူး ဇော်ဝင်းနှင့် ဗိုလ်မှူး ဇော်ဇော်နိုင် ဆိုသူတို့ သေပြီး ပုလိပ် လျှပ်စစ်(EPC) မန်နေဂျာ ဇွဲညီညီဝင်းနှင့် စကစ တစ်ယောက် ဒဏ်ရာရတယ်လို့ မြစ်ငယ် MN PDF မြို့ပြ ပြောက်ကျားအထူးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၃)ရက် နေ့လည်(၂)နာရီကျော်က လျှပ်စစ်မီတာခတွေ ဘဏ်သွင်းဖို့ ပုလိပ်မြို့ကနေ စဉ့်ကိုင် - ကျောက်ဆည်လမ်းအတိုင်း မောင်းနှင်လာတဲ့ ပုလိပ်မြို့က စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေ၊ စုစုပေါင်း လေးယောက် လိုက်ပါလာတဲ့ကားကို ရန်ကုန် - မန္တလေး လမ်းဟောင်း၊ စဉ့်ကိုင် ပေါ်တော်မူ ဘုရားအနီးမှာ MN PDF မြို့ပြပြောက်ကျားအထူးတပ်၊ Truth Keeping Foce – Amarapura နှင့် ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ် သုံးဖွဲ့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မန္တလေး - ကျောက်ဆည်လမ်း စဉ့်ကိုင်ပေါ်တော်မူ ဘုရားအနီးတွင် ပလိပ် EPC ရုံးမှ Bank သို့ မီတာခ သွားသွင်းသော လျှပ်စစ်ရုံး မန်နေဂျာနှင့် စကစ သုံးဦးအပါ ကားတစ်စီးကို လမ်းတွင် ကြားဖြတ် တိုက်ခိုက် ခဲ့ပါသည်” လို့ MN PDF မြို့ပြ ပြောက်ကျား အထူးတပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း ပုလိပ်စခန်းမှူး ဇော်ဝင်းဆိုသူ ပွဲချင်းပြီး သေကာ ကျန်တဲ့ စကစ နှစ်ယောက်နှင့် ပုလိပ် လျှပ်စစ်မန်နေဂျာတို့ ဒဏ်ရာရပြီး ဆေးရုံအရောက်မှာ ဒဏ်ရာရသူတွေထဲက စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင် ဗိုလ်မှူး ဇော်ဇော်နိုင် ဆိုသူ သေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ပလိပ်မြို့ ရဲစခန်းမှူး ဇော်ဝင်းဆိုသူ ကားပေါ်တွင် ပွဲချင်းပြီး သေပြီး ကားပေါ်ပါ စွန်ရဲ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်မှူး ဇော်ဇော်နိုင် ဆိုသူမှာ ဝမ်းဗိုက် ကျည်ထိမှန်ပြီးနောက် သေတယ်လို့ ဆိုပါတယ်။ ပုလိပ်မြို့၊ လျှပ်စစ် မန်နေဂျာ ဇွဲညီညီဝင်းနှင့် စကစတပ်သားတစ်ယောက်ကတော့ မသေသေးဘဲ ဒဏ်ရာရတယ်လို့ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ဖော်ပြပါတယ်။

“စခအလောင်း ကားပေါ်က ဆွဲချနေတာ မျက်မြင် မြင်ခဲ့တာပါ၊ ကားက နေရာမှာတင် ထိုးရပ်သွားတယ် “ လို့ မြစ်ငယ် MN PDF ခေါင်းဆောင် ဗိုလ်ဖောင်းဒိုင်းက MFP ကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီး မြို့ပြပြောက်ကျား ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက မနေ့က ညနေပိုင်းက စတင်ပြီး ဒေသခံ ပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးတိုင်းက စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းတွေဟာ စကစ လက်နက်ကိုင်တွေ ခြံရံပြီး ပြည်သူတွေဆီက လျှပ်စစ်မီတာခတွေကို ဓားပြတိုက်သလို အတင်းအကျပ် ကောက်ခံလျှက်ရှိကာ မီတာခ မဆောင်သူတွေကို မီးဖြတ်တာ၊ ဒဏ်ကြေးဆောင်ခိုင်းတာ တင်မက စစ်အုပ်စုကို ဖမ်းခိုင်းပြီး ညှှု်းပန်းတာတွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုကို ပေးလိုက်တဲ့ ငွေတွေဟာ ပြည်သူကို သတ်မယ့် ကျည်ဆံဖိုး ဖြစ်လာမှာမို့ စစ်အုပ်စုကို ငွေမပေးဖို့၊ စစ်အုပ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေကို မသုံးစွဲဘဲ သပိတ်မှောက်ကြဖို့ ပြည်သူအချင်းချင်း တိုက်တွန်းနေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပလိပ်EPC #လျှပ်စစ်မီတာခ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ