သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးကလျာဏ (ယောယော) ဖမ်းဆီးခံရကြောင်း အတည်ပြု၊ မန္တလေး မြေပြင်သပိတ်မှာ ပါဝင်လေ့ရှိတဲ့ လူငယ်တွေလည်း အဆက်အသွယ် ပြတ်နေပြီး ဖမ်းဆီးခံရဟု ယူဆရ၊

သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးကလျာဏ (ယောယော) ဖမ်းဆီးခံရကြောင်း အတည်ပြု၊ မန္တလေး မြေပြင်သပိတ်မှာ ပါဝင်လေ့ရှိတဲ့ လူငယ်တွေလည်း အဆက်အသွယ် ပြတ်နေပြီး ဖမ်းဆီးခံရဟု ယူဆရ၊

MFP ၊ အောက်တိုဘာ - ၃၀

သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဦးဆောင်သံဃာတစ်ပါး ဖြစ်တဲ့ ဦးကလျာဏ (ယောယော) ဒီနေ့ အောက်တိုဘာ(၃၀)ရက် ညနေ(၅)နာရီဝန်းကျင်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတယ်လို့ သံဃသမဂ္ဂ (မန္တလေး)က အတည်ပြု ထုတ်ပြန်ပါတယ်။

"ဦးကလျာဏ (ယောယော) ၃၀-၁၀-၂၀၂၂ ညနေ(၅:၀၀) ဝန်းကျင် အချိန်က အကြမ်းဖက် စစ်မိစ္ဆာများ၏ မတရား အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်၊၊ အကြမ်းဖက် စစ်မိစ္ဆာများ၏ ဖမ်းဆီးခြင်းမခံရမီ အချိန်အထိ ဦးကလျာဏ သည် ကျန်းမာရေး အလွန်ကောင်းမွန်ပြီး ပျော်ရွှင်စွာ နေတတ်သော ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါး ဖြစ်ပါသည်။ ထို့ကြောင့် ဦးကလျာဏ၏ ကျန်းမာရေးနှင့် အသက် အန္တရာယ် တစ်စုံတရာ ဖြစ်ခဲ့သော် အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်သည်၊" လို့ သံဃသမဂ္ဂ (မန္တလေး)က ဖော်ပြပါတယ်

ဦးကလျာဏ သာမက မန္တလေးက သပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လေ့ရှိတဲ့ လူငယ်တချို့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

"မြေပြင်သပိတ် ရဲဘော်တချို့ အဆက်သွယ်ပြတ်နေပါတယ်။ ရှောင်သင့်သူများ ရှောင်ကြပါ" လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့ မန္တလေး မြေပြင်သပိတ်တွေမှာ ပါဝင်လေ့ရှိတဲ့ လူငယ် ငါးဦးထက်မနည်း အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပြီး အတည်မပြုနိုင်သေးပေမယ့် စစ်အုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရပြီလို့ ယူဆရကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ညှဉ်းပန်း ငွေညှစ်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လပိုင်းကလည်း မန္တလေးက ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့ မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ သံဃာနှင့် လူငယ်တွေကို စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးပြီး ဒီနေ့အထိ သတင်းအမှောင်ချထားကာ အဲ့ဒီ ဖမ်းဆီးခံရတဲ့အထဲက လူငယ်တချို့ကို ညှဉ်းပန်းသတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #သပိတ် #သံဃာ #PeopleStrike 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ