PDF ကို ဆေးဝါးထောက်ပံ့မှု စွပ်စွဲချက်နဲ့ မန္တလေးက CDM အထူးကုဆရာဝန်ကြီး သုံးဦး ထပ်မံ ဖမ်းဆီးခံရ၊

PDF ကို ဆေးဝါးထောက်ပံ့မှု စွပ်စွဲချက်နဲ့ မန္တလေးက CDM အထူးကုဆရာဝန်ကြီး သုံးဦး ထပ်မံ ဖမ်းဆီးခံရ၊

MFP ၊ နိုဝင်ဘာ - ၂

PDF တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနက ကထိက၊ CDM ဆရာဝန် အပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ငါးဦးကို စစ်အုပ်စုက အောက်တိုဘာ(၂၉)ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် နောက်ဆက်တွဲအဖြစ် မန္တလေးမြို့က အထူးကုဆရာဝန်ကြီး သုံးဦးကို အောက်တိုဘာ(၃၀)ရက်မှာ ထပ်မံ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့က CDM အထူးကု ဆရာဝန်ကြီးတွေ ဖြစ်တဲ့ နား၊နှာခေါင်း၊ လည်းခေါင်း အထူးကုဆရာဝန် နှစ်ဦးနှင့် သားဖွား/မီးယပ် အထူးကုဆရာဝန် တစ်ဦးတို့ကို စစ်အုပ်စုက အောက်တိုဘာ(၃၀)ရက်နှင့် (၃၁)ရက်တွေမှာ ထပ်မံ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

"အတိအကျ သိရတာက ထပ်ဖမ်းခံရတာ သုံးယောက်ပေါ့။ CDM အထူးကု ဆရာဝန် အမျိုးသမီးတွေကြီးပဲ။ အရင်နေ့က အဖမ်းခံရတဲ့သူတွေနဲ့ အဆင်အစပ်ဆိုပြီး ဖမ်းတယ်လို့ ကြားတယ်" လို့ နီးစပ်သူ တစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၇)ရက်က ပုလဲ - ဂန့်ဂေါ လမ်းမှာ ခြောက်ဘီးကားတစ်စီးကို စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ရာကနေ ကားပေါ်ပါ ဆေးဝါးပစ္စည်းတွေ တွေ့ရှိသွားပြီးနောက် ဆက်စပ်ကာ PDF တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေး ဆေးတက္ကသိုလ် ကထိက၊ CDM ဆရာဝန်တစ်ဦး၊ CDM သူနာပြု လေးဦးနှင့် ကားဂိတ်ပိုင်ရှင် အမျိုးသား သုံးဦးကို စစ်အုပ်စုက အောက်တိုဘာ(၂၉)ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ(၃၀)နဲ့ (၃၁)ရက်တွေမှာ အထက်ပါအတိုင်း အထူးကုဆရာဝန် သုံးဦးကို ထပ်မံ ဖမ်းဆီးတာလို့ ဆိုပါတယ်။

အောက်တိုဘာ(၂၉)ရက်က ပုလဲ - ဂန့်ဂေါ လမ်းဆုံမှာ ယာဉ်မောင်း ကျော်လွင်ထက် (ခ) သားသား မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခွာကျဲအို လိုက်ပါလာတဲ့ ခြောက်ဘီးကားကို ဖမ်းဆီးစစ်ဆေးငွေညှစ်ရာကနေ ကားပေါ်မှာ မေ့ဆေးစက်တစ်လုံး၊ ဆေးပစ္စည်းမျိုးစုံ ကတ်ထူဖာ (၂၅)ဖာ၊ လျှပ်စစ်ပစ္စည်းဖာ ၁၄)ဖာ၊ အဝတ်အထည်အိတ် (၂၀)အိတ်နှင့် အခြားလူသုံးကုန် ပစ္စည်းမျိုးစုံ (၃၇)ဖာ (စုစုပေါင်း ကာလတန်ဖိုး ကျပ်(၄၈)သိန်းခန့်)ကို ဖမ်းမိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

အဲ့ဒီ ဆေးဝါး ပစ္စည်းတွေဟာ PDF တွေဆီ ပေးပို့မှာဖြစ်ကြောင်းနှင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ရွှေမေတ္တာကားဂိတ်မှာ သိမ်းဆည်းထားတယ်လို့ ထွက်ဆိုတာကြောင့် စစ်အုပ်စုက ဆက်ပြီး စီးနင်းဖမ်းဆီးရာကနေ ကားဂိတ်မှာ ဆေးပစ္စည်းမျိုးစုံ (၈၆)ဖာနှင့်အတူ ဂိတ်စာရေး ဦးညီညီလှိုင်၊ ဂိတ်မှူး ဦးစိုးဝင်းထွန်းနှင့် ယာဉ်မောင်း ဦးဝေလင်းဦးတို့ကို ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

၎င်းတို့ကို စစ်အုပ်စုက ညှဉ်းပန်းရာကနေ အောက်တိုဘာ(၂၉)ရက်မှာ မန္တလေးဆေးရုံကြီး CDM သူနာပြု မဇင်မာဝင်း (ခ) သူဇာကို ဖမ်းဆီးမိပြီး အဲ့ဒီကတဆင့် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှာ မန္တလေးဆေးတက္ကစိုလ် ခွဲစိတ်ဌာန ကထိက ၊ CDM ဆရာဝန် ဒေါက်တာ မင်းဇော်ဦး (ခ) နေမျိုးဦး၊ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ CDM သားဖွားဆရာမ ဒေါ်ပိုးသန္တာအောင်၊ မန္တလေး ခုတင်(၃၀၀)သင်ကြားရေးဆေးရံ CDM သူနာပြု ဆရာမတွေဖြစ်တဲ့ ဒေါ်ကြည်သဒ္ဒါဖြူနှင့် ဒေါ်ယွန်းနန္ဒာထွန်းတို့ကို ဖမ်းမိတာလို့ စစ်အုပ်စုက ဆိုပါတယ်။

အဲ့ဒီ CDM ဆရာဝန်နှင့် သူနာပြု ဆရာမတွေဟာ ထီးလင်းနယ်က PDF တွေကို ထောက်ပံ့နေတာလို့ စစ်အုပ်စုက သတင်းဖြန့်ပြီး ဆက်စပ်တဲ့ တခြား CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဆက်လက် ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #CDM #ကျန်းမာရေးဝန်ထမ်း #ဆရာဝန် #သူနာပြု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ