မန္တလေးမှာ စစ်အုပ်စုက NLD ခေတ် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဝန်ကြီးတွေကို ပြန်လွှတ်ပေး၊ လွတ်ရက်စေ့တဲ့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ အမှုထပ်ဖွင့်၊

မန္တလေးမှာ စစ်အုပ်စုက NLD ခေတ် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဝန်ကြီးတွေကို ပြန်လွှတ်ပေး၊ လွတ်ရက်စေ့တဲ့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ အမှုထပ်ဖွင့်၊

MFP ၊ နိုဝင်ဘာ - ၁၀

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေထဲက တချို့ကို ပြန်လွှတ်ပေးပြီး အများစုကို ဆက်လက် ဖမ်းဆီးထားကာ တချို့ကို အမှုတွေ ထပ်တိုးပြီး တရားစွဲတာတွေ လုပ်နေပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ယမန်နေ့နဲ့ ဒီနေ့ နိုဝင်ဘာ(၁၀)ရက်မှာ NLD အစိုးရလက်ထက် ခြေစွမ်းမပြနိုင်ဘူးလို့ ဝေဖန်ခံခဲ့ရတဲ့ ဝန်ကြီးတွေ ဖြစ်တဲ့ မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဝန်ကြီး ဒေါက်တာ စိုးသန်းကို စစ်အုပ်စုက နိုဝင်ဘာ (၈)ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ဝန်ကြီး ဦးမျိုးသစ်ကို ဒီနေ့ နိုဝင်ဘာ (၁၀) ရက် မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဝန်ကြီး ဦးမျိုးသစ်ကို စစ်အုပ်စုက အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက် မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ချက်ချင်း ပြန်လွှ်ပေးခဲ့ပေမယ့် ဝန်ထမ်းတွေကို အစိုးရအသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက် သတ်မှတ်ပေးတာနဲ့ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အကြောင်း တိုင်းအစိုးရအဖွဲ့ ကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့အတွက် စစ်အုပ်စုက ပြန်လည်ဖမ်းဆီးကာ ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး ဒေါက်တာစိုးသန်းကိုလည်း စစ်အုပ်စုက အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်ကတည်းက ဖမ်းဆီးခဲ့ပြီး NLD အစိုးရလက်ထက် မန္တလေးမြို့မှာ ကိုဗစ်ကာကွယ်ရေးအတွက် ၂၀၂၀ နှစ်ကုန်ပိုင်းက မန္တလေးကျုံးထောင့်မှာ ပြုလုပ်ခဲ့တဲ့ တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်ဖွင့်လှစ်ပွဲကို တိုင်းအစိုးရအဖွဲ့ဦးဆောင်ကာ လူစုလူဝေးနဲ့ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က)နဲ့ တရားစွဲကာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပြီးနောက် ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ မနက်ဖန် လွတ်ရက်စေ့မှာ ဖြစ်တဲ့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ကို အမှုထပ်တိုးပြီး တရားစွဲလိုက်ပါတယ်။

မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီ(၁) ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကာ ဝန်ထမ်းတွေ CDM မှာ ပါဝင်ကြဖို့ လက်သုံးချောင်းထောင်ကာ CDM လုပ်ကြဖို့ ဖေ့စ်ဘွတ်ပရိုဖိုင်ကတစ်ဆင့် တိုက်တွန်းခဲ့တယ်ဆိုပြီး ပြန်လည်ဖမ်းဆီးကာ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါက်တာရဲလွင်ဟာ မနက်ဖန် လွတ်ရပ်စေမှာ ဖြစ်ပေမယ့် စစ်အုပ်စုက နောက်ထပ် ပုဒ်မတစ်ခုနဲ့ တရားစွဲထားတယ်လို့ NLD ပါတီ အသိုင်းအဝိုင်းက ဆိုပါတယ်။

အလားတူ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် နုတ်ထွက်စာတင်ခဲ့တဲ့ NLD ပါတီဝင်၊ ချမ်းအေးသာစံမြို့နယ်က ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုလည်း စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီ(၈) ရက် ညသန်းခေါင်အချိန်မှာ ဖမ်းဆီးခဲ့ပြီး အခုနှစ် ဇူလိုင်(၂၀) ရက်မှာ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ထားကာ လာမယ့် နိုဝင်ဘာ (၂၃) ရက်မှာ ပြန်လည်လွတ်မြောက်တော့မှာ ဖြစ်ပေမယ့် နောက်ထပ် ပုဒ်မတစ်ခုနဲ့ ထပ်မံ တရားစွဲထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ နှစ်ဦးလုံးကို စစ်အုပ်စုက နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ - ၄၀၉ နဲ့ အောက်တိုဘာ (၃၁) ရက်မှာ ထပ်မံ တရားစွဲဆိုထားတာ ဖြစ်ပြီး ဘာကြောင့် စွဲဆိုတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ ဆိုတာ “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ” ဖြစ်ပြီး ပြစ်မှုထင်ရှားရင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

လက်ရှိ မန္တလေးအိုးဘို အကျဉ်းထောင်ထဲမှာ ဦးဝင်းထိန်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ အပြင် တိုင်းဝန်ကြီး ဦးဇာနည်အောင်၊ NLD တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုတို့ အပါအဝင် NLD ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ဝန်ကြီး #nld

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ