ရမည်းသင်းမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ဖွင့်တဲ့ လောင်းကစားဝိုင်းတွေကို JURF က သတိပေးဖောက်ခွဲ၊ လေးယောက် ဒဏ်ရာရဟုဆို၊

ရမည်းသင်းမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ဖွင့်တဲ့ လောင်းကစားဝိုင်းတွေကို JURF က သတိပေးဖောက်ခွဲ၊ လေးယောက် ဒဏ်ရာရဟုဆို၊

MFP ၊ နိုဝင်ဘာ - ၆

မန္တလေးတိုင်း ရမည်သင်းမြို့နယ် ရွာတန်းတိုက်နယ်မှာ စစ်အုပ်စုက ဆက်ကြေးကောက်ပြီး လုံခြုံရေးပေးကာ ဖွင့်ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကို မနေ့က ညပိုင်း လက်ပစ်ဗုံးတစ်လုံးနဲ့ ဖောက်ခွဲ သတိပေးခဲ့တယ်လို့ Justice - Underground Revolution Force - JURF က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၅)ရက် ည(၈)နာရီက ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ် ၊ ခံဘူးရွာအတွင်း နေ့စဉ် ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို ဖောက်ခွဲခဲ့တာဖြစ်ပြီး လေးယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

"JURF ဘက်မှ အထူး သတိပေးခြင်း အဖြစ် နာနတ်သီး (လက်ပစ်ဗုံး)တစ်လုံး ဖောက်ခွဲ

တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့သော အများပြည်သူများ စိတ်အနှောက်ယှတ် ဖြစ်စေရန် ပြုလုပ်သော ပွဲလမ်း သဘင် များနှင့် စကစ ဒေါက်တိုင်များအား နောက်နှောင်တွင် သတိပေးခြင်းများ မပြုလုပ်တော့ဘဲ ထိ့ရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း သတိပေးအပ်ပါသည်" လို့ JURF က ဆိုပါတယ်။

ရွာတန်းတိုက်နယ်မှာ လောင်းကစားဝိုင်း (၁၅)ဝိုင်းထက်မနည်း နေ့စဉ်ပြုလုပ်နေပြီး လက်ရှိမှာ ဘုရားပွဲတော်နဲ့ပဲ ရောပြီး စစ်အုပ်စုက လောင်းကစားဝိုင်းတွေ အများအပြား ဖွင့်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

"လောင်းကစားဝိုင်းတွေကလည်း များတယ်။ လူတေါလည်း များတယ်ဗျ။ အခုက ဘုရားပွဲရော ဆိုတော့ လူပိုများတယ်" လို့ JURF က သခင်မှိုင်းက MFP ကို ပြောပါတယ်။

JURF အနေနဲ့ လောင်းကစားဝိုင်းတွေကိုသာမက ရမည်းသင်းနယ်ထဲက စစ်အုပ်စု ထောက်တိုင်တွေ၊ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူအပေါ် ရန်ပြုသောင်းကျန်းနေသူတွေကိုလည်း ဆက်လက်တိုက်ခိုက်မှာ ဖြစ်ပြီး မစ်ရှင်တွေ လုပ်ဆောင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတာကြောင့် အများပြည်သူ အနေနဲ့လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ဖို့ JURF က ဆိုပါတယ်။

စစ်အုပ်စုဟာ ရမည်းသင်းနယ် အပါအဝင် မန္တလေးတိုင်းက မြို့နယ်အများအပြားမှာ လောင်းကစားသမားတွေ၊ မူးယစ်ဆေးရောင်းသူတွေကို ဆက်ကြေးတောင်း၊ လုံခြုံရေးပေးပြီး တရားဝင် ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ရမည်းသင်း #ရွာတန်း #JURF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ