မန္တလေးမြို့ မြစ်ငယ် မီးရထားစက်ရုံက ရုံးအုပ်ကြီး အမျိုးသမီး ပစ်သ-တ်ခံရ၊

မန္တလေးမြို့ မြစ်ငယ် မီးရထားစက်ရုံက ရုံးအုပ်ကြီး အမျိုးသမီး ပစ်သ-တ်ခံရ၊

MFP ၊ စက်တင်ဘာ - ၁၆

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ မီးရထားစက်ရုံ အထွေထွေမန်နေဂျာရုံးက ရုံးအုပ်ကြီး ဖြစ်သူ အမျိုးသမီးတစ်ဦး ဒီညနေပိုင်း ရုံးဆင်းချိန် အိမ်ပြန်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၆)ရက် ညနေ(၅)နာရီကျော်က အမရပူရမြို့နယ်၊ စာတိုး စက်ကွေ့ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး နေအိမ်ရှေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက်(၅၀)ကျော်အရွယ် ဒေါ်ကြူကြူစန်းဆိုသူ ဖြစ်ပြီး မြစ်ငယ်မြို့၊ မြန်မာ့မီးရထားစက်ရုံ၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ အထွေထွေမန်နေဂျာရုံးမှာ ရုံးအုပ်ကြီးအဖြစ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

ဒီညနေပိုင်း ခင်ပွန်းဖြစ်သူနှင့်အတူ စက်ရုံကနေ ဆိုင်ကယ်နဲ့ အိမ်ပြန်လာချိန် အိမ်အရှေ့အရောက်မှာ ဆိုင်ကယ်တစ်စီးနဲ့ ကြိုတင်ရောက်နှင့်တဲ့ အမျိုးသားနှစ်ဦးက ဒေါ်ကြူကြူစန်းကို သေနတ်နဲ့ ပစ်ခတ်လို့ နောက်စေ့မှာ သေနတ်မှန် ဒဏ်ရာရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

မီးရထားဝန်ထမ်းမြို့ ဖြစ်တဲ့ မြစ်ငယ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက် CDM ဝင်တဲ့ ဝန်ထမ်းတွေကို စစ်အုပ်စုက ထင်တိုင်းကျဲ ဖိနှိပ်နေပြီး CDM ဝန်ထမ်းတွေကို အကြောင်းပြုကာ စစ်အုပ်စုက မြစ်ငယ်မြို့ကို မြို့ပျက်သည်အထိ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်ငယ် #CDM #မီးရထားဝန်ထမ်း #ရုံးအုပ်ကြီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ