စစ်ကောင်စီ သစ္စာခံ ဒု-ရဲချုပ် အောင်နိုင်သူရဲ့ မန္တလေးက နေအိမ် ဗုံးထုခံရ၊

စစ်ကောင်စီ သစ္စာခံ ဒု-ရဲချုပ် အောင်နိုင်သူရဲ့ မန္တလေးက နေအိမ် ဗုံးထုခံရ၊

MFP ၊ နိုဝင်ဘာ - ၄

စစ်ကောင်စီ သစ္စာခံ ရာထူးအကြီးဆုံး ရဲတစ်ယောက်ဖြစ်တဲ့ ဒု-ရဲချုပ် အောင်နိုင်သူရဲ့ မန္တလေးမြို့က နေအိမ် မနေ့က ညပိုင်းမှာ ဒုတိယအကြိမ် ဗုံးနဲ့ထု တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် (၁၄)လမ်း၊ (၈၇)လမ်းနဲ့ (၈၈)လမ်းကြားမှာရှိတဲ့ အောင်နိုင်သူရဲ့နေအိမ်ကို နိုဝင်ဘာ(၃)ရက် မနေ့က ည(၇)နာရီခွဲဝန်းကျင်မှာ ဗုံးထုခံရတာလို့ ဆိုပါတယ်။

“ သူအိမ်မှာက စစ်ခွေးတွေကို ဂိတ်ထောင်ပြီး စောင့်ခိုင်းထားတာ၊ အထုခံရပြီးတော့ ထုံးစံအတိုင်း ခွေးတွေက ဟောင်တော့တာပဲ၊ ဒါကောဆို နှစ်ခါရှိပြီ အထုခံရတာ “ လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိခိုက်မှု အခြေအနေနဲ့ ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အောင်နိုင်သူက သူ့အိမ်ရှေ့မှာ ဂိတ်ဖွင့်ပြီး အစောင့်ချထားသလို ခြံစည်းရိုးပတ်လည်ကိုလည်း အကာအရံတွေ လုပ်ထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ သစ္စာခံ ဒုရဲချုပ်(၂) အောင်နိုင်သူဟာ မန္တလေးဇာတိဖြစ်ပြီး ယခင်က မန္တလေးတိုင်းရဲမှူးအဖြစ် လုပ်ကိုင်ဖူးသလို သူ့ရဲ့ မိသားစုဝင်အချို့ မန္တလေးမြို့က အိမ်မှာ နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၁ ဒီဇင်ဘာ (၅) ရက်က ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ သပိတ်လူငယ်တွေကို စစ်အုပ်စုက ကားနဲ့တိုက်ဖမ်းလို့ ဆန္ဒပြလူငယ် ငါးဦး သေဆုံးပြီး (၁၅)ဦး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၆)ရက်ကလည်း မန္တလေးမြို့က အောင်နိုင်သူရဲ့နေအိမ်ကို MDY-PDF က ဗုံးနှစ်လုံးနဲ့ ပစ်ထုတိုက်ခိုက်ခဲ့ပြီး နေအိမ်ဝင်းအတွင်းက မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား MDY - PDF က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရဲ #အောင်နိုင်သူ #ဗုံးပစ် #နေအိမ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ