နွေဦးမန္တလေး စီမံကိန်းရဲ့ မြေကွက်(၃၀၀)ကျော် ဝယ်ယူဖို့ ကြိုတင် အမှာစာ ရရှိထား၊ တော်လှန်ရေး ရန်ပုံငွေအတွက် မန္တလေးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို လေလံတင် ရောင်းတာ ဖြစ်ပြီး မန္တလေးက သွေးမအေးကြောင်း ပြနေတယ်လို့ NUG ထုတ်ပြန်၊

နွေဦးမန္တလေး စီမံကိန်းရဲ့ မြေကွက်(၃၀၀)ကျော် ဝယ်ယူဖို့ ကြိုတင် အမှာစာ ရရှိထား၊ တော်လှန်ရေး ရန်ပုံငွေအတွက် မန္တလေးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို လေလံတင် ရောင်းတာ ဖြစ်ပြီး မန္တလေးက သွေးမအေးကြောင်း ပြနေတယ်လို့ NUG ထုတ်ပြန်၊

MFP ၊ စက်တင်ဘာ - ၂၇

မန္တလေးမြို့က စစ်အုပ်စု သိမ်းယူထားတဲ့ မြေနေရာတွေကို နွေဦးတော်လှန်ရေးအတွက် ရံပုံငွေ ရရှိဖို့ NUG က အကွက်ရိုက် လေလံတင် ရောင်းချဖို့ စီစဉ်နေရာ စက်တင်ဘာ(၂၆)ရက်အထိ မြေကွက် (၃၀၀) ကျော် ဝယ်ယူဖို့ ကြိုတင်အမှာစာ ရရှိထားတယ်လို့ အာဏာရှင်အဆုံးသတ်နိဂုံး (EOD) က သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေနေရာတွေကို နွေဦးမန္တလေး ရင်းနှီးမြုပ်နှံမှု စီမံကိန်းအဖြစ် NUG က အကွက်ရိုက် လေလ့တင် ရောင်းချမှာ ဖြစ်ပြီး အောက်တိုဘာ(၁)ရက်မှသာ တရားဝင် ရောင်းချမှာ ဖြစ်ပေမယ့် မြေကွက်ဝယ်ယူဖို့ ကြိုတင်စာရင်းပေးထားသူ (၃၀၀)ကျော်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

မန္တလေးဟာ တော်လှန်ရေးအတွက် သွေးမအေးကြောင်း မြေကွက်ဝယ်ယူမှုတွေက သက်သေပြနေပြီး မြေကွက်တွေ စတင်ရောင်းချ ချိန်မှာလည်း ဝယ်ယူသူတွေ အများကြီး တိုးလာဦးမယ်လို့ ယူဆကြောင်း NUG ရဲ့ EOD က ထုတ်ပြန်ပါတယ်။

“ ရွှေမြို့တော် မန္တလေးဟာ တော်လှန်ရေးမှာ ဘယ်တော့မှ သွေးမအေးခဲ့ပါဘူး။ အခုလည်း Spring Mandalay Investment (နွေဦးမန္တလေး ရင်းနှီးမြုပ်နှံမှု စီမံကိန်း) မြေကွက်တွေ စတင် ရောင်းချတော့မယ်၊ ကိုယ်စားလှယ်တွေဆီမှာ စာရင်းပေးလို့ ရပါပြီ ဆိုတာနဲ့ မြေကွက် (၃၀၀)ကျော် ကြိုတင် အမှာစာ တင်ထား ကြပြီးပြီ။ စတင်ရောင်းချမယ့် နောက် ငါးရက်အတွင်းမှာ အများကြီး ထပ်တိုးလာဦးမှာ သေချာပါတယ် “ လို့ EOD က ဆိုပါတယ်။

နိုင်ငံ့ အနာဂတ်၊ ကိုယ့်မျိုးဆက် ရှေ့ရေးအတွက် ပရ အတ္တညီမျှတဲ့ အခုလို EOD ပရောဂျက်မျိုးမှာ ရင်းနှီးမြှုပ်နှံကြတဲ့ မန်းသား မန်းသူတွေနဲ့ ပြည်သူ အပေါင်းကို ဦးညွှတ် ဂုဏ်ပြုပါတယ်လို့လည်း EOD က ဖော်ပြပါတယ်။

နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု (Spring Mandalay Investment) စီမံကိန်းအဖြစ် မန္တလေးမြို့က စစ်အုပ်စု သိမ်းယူထားတဲ့ နေရာတွေထဲက နွေဦးနှင်းဆီ၊ နွေဦးတောင်ရိပ်ညိုနဲ့ နွေဦးရောင်စဉ် စတဲ့ သုံးနေရာကို အရစ်ကျ၊ လျှော့ဈေးနဲ့ NUG က လေလံတင် ရောင်းချတာ ဖြစ်ပါတယ်။

နွေဦးနှင်းဆီ စီမံကိန်းအဖြစ် မန္တလေးမြို့လည်၊ (၇၈)လမ်းနှင့် (၇၃)လမ်းကြား၊ (၃၈)လမ်းနှင့် မန္တလေး တက္ကသိုလ် ရေနီမြောင်ကြားက မင်းအောင်လှိုင် အပိုင်စီးပြီး ရတနာပုံ (အောင်ပြည့်စုံ) ခန်းမအဖြစ် ဖွင့်လှစ်ထားတဲ့ စစ်အုပ်စုပိုင် နေရာ၊ နွေဦးတောင်ရိပ်ညို စီမံကိန်းအဖြစ် မန္တလေးတောင်ခြေက စစ်အုပ်စု သိမ်ယူထားတဲ့ နေရာနှင့် နွေဦးရောင်စဉ် စီမံကိန်းအဖြစ် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင် ဂေါက်ကွင်းနှင့် မန္တလေး နည်းပညာတက္ကသိုလ် (MIT) အနီးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေနေရာတွေကို နွေဦးတော်လှန်ရေး ရန်ပုံငွေ အိမ်ရာစီမံကိန်းတွေ အဖြစ် ရောင်းချမှာ ဖြစ်ပါတယ်။

ဝယ်ယူ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ မြေပိုင်ဆိုင်ခွင့် ရမှာဖြစ်ကြောင်း၊ အဲ့ဒီ မြေနေရာတွေကို ကာလပေါက်ဈေးရဲ့ သုံးပုံတစ်ပုံနှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး ငွေပေးချေမှုကို အရစ်ကျစနစ်နဲ့ လက်ရှိ တော်လှန်ရေး ကာလအတွင်းနဲ့ တော်လှန်ရေးအပြီးမှာ ပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ပေးချေရမယ့် မြေကွက် သတ်မှတ်ဈေးရဲ့ (၄၀) ရာခိုင်နှုန်းကိုလည်း သုံးရစ်ခွဲပြီး ပေးသွင်းနိုင်တယ်လို့ NUG ရဲ့ EOD က ကြေညာထားပါတယ်။

မန္တလေးမြို့က စစ်အုပ်စု စိမ်းယူထားတဲ့ မြေနေရာတွေကို NUG က ရောင်းချတဲ့ နွေဦး မန္တလေး ပတ်သက်ပြီး

၁။ နွေဦးနှင်းဆီ (Spring Rose)

ဒါက NLD အစိုးရလက်ထက်မှာ ဖောက်လုပ်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လမ်း ခေါ် (၃၈)လမ်းအနီးက စစ်တပ်ပိုင်မြေကို ရောင်းချတာ ဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ပွဲလမ်းသဘင်တွေ ပြုလုပ်တဲ့ ရတနာပုံခန်းမနဲ့ စစ်တပ်က တပ်စွဲထားတဲ့ နေရာပါ။

မဟာအောင်မြေမြို့နယ်ထဲက ဒေါ်အောင်ဆန်းစုကြည်လမ်း(၃၈) လမ်းနဲ့ (၄၁)လမ်းကြား၊ (၇၃)လမ်းနဲ့ (၇၈)လမ်းကြား အကျယ်အဝန်းရှိတဲ့ မြေနေရာဖြစ်ပြီး စီးပွါးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ မြေကွက်ကျယ်တွေ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ အဲဒီနေရာကို ဖြတ်သန်းစီးဆင်းတဲ့ ရေနီမြောင်းကို ပြုပြင်ထိန်းသိမ်းပြီး အပန်းဖြေစိမ်းလန်း ဧရိယာ ပြုလုပ်မှာဖြစ်ကာ တော်လှန်ရေး အောင်မြင်ဖို့ ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ မန်းသူမန်းသားများနဲ့ ထိုက်တန်တဲ့ ဂုဏ်ယူဝံ့ကြွားစရာ စီမံကိန်းအဖြစ် ပြည်သူနဲ့ ဆိုင်တဲ့နေရာတွေ၊ မြို့ပြ အခြေခံ အဆောက်အဦးတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လမ်းဟာ နွေဦးတော်လှန်ရေးကာလမှာ ဆန္ဒပြပြည်သူတွေကို စစ်အုပ်စုက ပထမဆုံး ကားနဲ့ တိုက်သတ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

နွေဦးနှင်းဆီ စီမံကိန်းမှာ ပါဝင်တဲ့ ပေ(၆၀) x ပေ(၈၀) အကျယ်မြေကွက်ရဲ့ ကာလပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ (၉၀၀,၀၀၀) (ကျပ်သန်း ၃၀၀၀ နီးပါး) ဖြစ်ပြီး NUG က ရောင်းချမယ့် ဈေးနှုန်းက ဒေါ်လာ (၃၀၀,၀၀၀) (ကျပ်သန်း ၁၀၀၀ နီးပါး) ဖြစ်ပါတယ်။ ရောင်းဈေးရဲ့ (၄၀) ရာခိုင်နှုန်းအဖြစ် (၁၂၀,၀၀၀) (ကျပ်သန်း ၄၀၀ နီးပါး) ကို သုံးလအတွင်း သုံးကြိမ် အရစ်ကျပုံစံနဲ့ လာမည့် ဒီဇင်ဘာလကုန် နောက်ဆုံးထားကာ ပေးချေနိုင်တယ်လို့ ဆိုပါတယ်။ ကျန်တာကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်း စတင်ချိန်မှသာ ပေးချေရမှာ ဖြစ်ပါတယ်။

၂။ Spring Oasis (နွေဦးတောင်ရိပ်ညို)

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ထဲက မန္တလေးတောင်အရှေ့ဘက် တောင်ခြေပတ်လမ်းနဲ့ (၅၉)လမ်းကြားက စစ်တပ် သိမ်းယူထားတဲ့ နေရာတွေကိုလည်း နွေဦးတောင်ရိပ်ညို အဖြစ် NUG က ရောင်းချမှာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အမှတ် (၉၅) ခြေလျင်တပ် ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

ပြည်သူ့အစိုးရက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာအဖြစ် ပြန်လည်ဖော်ထုတ်မယ့်၊ “ပြည်တော်ဝင်ပြီး နန်းသိမ်းမယ့်” နန်းတော်ရာ၊ ကျုံး၊ ယဉ်ကျေးမှု အမွေအနှစ်များရဲ့ မြောက်ဘက်မှာ တည်ရှိပြီး မန္တလေးတောင်တော်ရဲ့ အေးမြတဲ့ အရိပ်ကို ခံစားရင်း မန္တလေးတောင်ရဲ့ အလှကို နေ့ည ကြည်နူးခံစားနိုင်မယ့် နေရာအကွက်အကွင်း ဖြစ်ပါတယ်။

မန္တလေးရဲ့ မြောက်ဖက်ဗဟို City Center ဖြစ်လာဖို့ ရန်မှန်းထားပြီး စီးပွါးရေးလုပ်ကိုင်ဖို့ သင့်တော်တဲ့ မြေနေရာတွေလည်း ထည့်သွင်းရောင်းချပေးမယ့် အိမ်ရာစီမံကိန်း ဖြစ်ပါတယ်။

နွေဦးတောင်ရိပ်ညို စီမံကိန်းမှာ ပါဝင်တဲ့ ပေ(၄၀) x ပေ(၆၀) မြေကွက်ရဲ့ ကာလပေါက်ဈေးဟာ ဒေါ်လာ (၁၂၀,၀၀၀) ဖြစ်ပြီး ရောင်းချမယ့် ဈေးနှုန်းကတော့ ဒေါ်လာ (၄၀,၀၀၀)သာ ကျသင့်မှာဖြစ်ပါတယ်။ ရောင်းဈေးရဲ့ (၄၀) ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ (၁၆,၀၀၀)ကို သုံးလအတွင်း သုံးကြိမ်အရစ်ကျနဲ့ လာမည့် ဒီဇှု်ဘာလကုန် နောက်ဆုံး နောက်ဆုံးထား ပေးသွင်းရမှာ ဖြစ်ပြီး ငွေပေးချေရမယ့်ပုံစံကတော့ နွေဦးနှင်းဆီ စီမံကိန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။

၃။ Spring Aurora (နွေဦးရောင်စဉ်)

နွေဦးရောင်စဉ် စီမံကိန်းဟာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး နည်းပညာတက္ကသိုလ် အရှေ့တောင်ဘက်က စစ်တပ် သိမ်းယူထားတဲ့ မြေနေရာတွေ ဖြစ်ပါတယ်။ မန္တလေးစည်ပင်နှင့် တရုတ်ပေါင်းပြီး သိမ်းယူထားတဲ့ ရေတံခွန်တောင် ဂေါက်ကွင်းနဲ့ မျက်နှာချင်းဆိုင်က နေရာတွေလို့ ဆိုပါတယ်။ မန္တလေးမြို့ အရှေ့ဘက် ရှမ်းရှိုးမ တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ တောင်ကုန်းတောင်တန်းတွေရဲ့ အခြေမှာ တည်ရှိတဲ့နေရာ ဖြစ်ပြီး Adventure စိတ်ဝင်စားသူတွေ အတွက်လည်း ရေတံခွန်တောင်ရဲ့ Hiking Trails တွေ၊ Mountain Trekking တွေနဲ့ စိတ်ဝင်စားဖွယ် မိသားစု အချိန်တွေ ရရှိနိုင်မယ့် နေရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးရောင်စဉ်စီမံကိန်းမှာ ပါဝင်တဲ့ ပေ(၄၀) x ပေ(၆၀) မြေကွက်ရဲ့ ကာလပေါက်ဈေးဟာ ဒေါ်လာ (၆၀,၀၀၀) ဖြစ်ပြီး ရောင်းချမယ့် ဈေးနှုန်းက ဒေါ်လာ (၂၀,၀၀၀)ဖြစ်ပါတယ်။ ကနီဦး (၄၀) ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ (၈,၀၀၀) ပေးသွင်းရမှာ ဖြစ်ပြီး ငွေပေးချေမှုပုံစံတွေက အထက်ပါ စီမံကိန်းနှစ်ခုအတိုင်းပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်း သုံးခုရဲ့ မြေကွက်တွေကို အစောဆုံး ဝယ်ယူသူ (တော်လှန်ရေး ကာလတွင်း ပေးသွင်းရန် ငွေအပြည့်အား MoPFI သို့ စတင်ရောင်းချသည့် ပထနေ့တွင် လွှဲပြောင်းပေးချေသူများ) အနေနဲ့ ကိုယ်နှစ်သက်တဲ့ မြေကွက်ကို ဦးစားပေး ရွေးချယ်ခွင့် ရရှိမယ်လို့ EOD က ထုတ်ပြန်ထားပါတယ်။

စီမံကိန်းတွေကို တော်လှန်ရေး ကာလအပြီး စတင်တဲ့အချိန်မှာ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက် ပေးမှာဖြစ်ပြီး၊ အိမ်ကိုတော့ ဆောက်လုပ်ရေး စံနှုန်းများနှင့်အညီ ဝယ်ယူသူဘက်က စိတ်ကြိုက်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နွေဦးမန္တလေး စီမံကိန်းက မြေကွက်တွေကို လက်ရှိ မြန်မာနိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသားတွေလည်း ဝယ်ယူနိုင်ပြီး တော်လှန်ရေးအလွန် ကာလမှာ နွေဦးမန္တလေး မြေကွက်တွေကို နိုင်ငံခြားသား မြေပိုင်ဆိုင်မှု အာမခံတဲ့ သီးသန့် အမိန့် ဒီဂရီ ဥပဒေတွေ ပြဌာန်းပေးပြီး တော်လှန်ပြည်သူတွေ အကျိုး ဖြစ်ထွန်းစေဖို့ ဆောင်ရွက်ပေးမယ်လို့လည်း ဖော်ပြထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #SpringMandalayInvestment #EOD #နွေဦးမန္တလေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ