အာဆီယံအနေနဲ့ မင်းအောင်လှိုင်ကို တိုက်ရိုက်အရေးယူဖို့ NUG တိုက်တွန်း

အာဆီယံအနေနဲ့ မင်းအောင်လှိုင်ကို တိုက်ရိုက်အရေးယူဖို့ NUG တိုက်တွန်း

MFP ၊ ဩဂုတ် - ၉

အာဆီယံ ရဲ့ 'ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်' ထပ်လောင်းဖေါ်ပြချက်အရ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထင်ရှားပြတ်သားစွာ ခြိမ်းခြောက်နေတဲ့ တရားမဝင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပေါင်းအပါ အကြမ်းဖက်စစ်အုပ်စုကို တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် အရေးယူဆောင်ရွက်ရန် လိုအပ်ပါတယ် လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရလဒ်တွေအပေါ် ထုတ်ပြန်ကြေညာချက် ကို ဒီနေ့ညနေပိုင်းက ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသား တိုက်တွန်းထားတာဖြစ်ပါတယ်။

စာအပြည့်အစုံမှာ " အာဆီယံ၏ ပူးတွဲကြေညာချက်တွင် အာဆီယံ၏ 'ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးဆိုင်ရာ ကတိကဝတ်' ကို ထပ်လောင်း ကတိပြုသည်ဟု ဖော်ပြထားပါသည်။ အဆိုပါဖော်ပြ ချက်အရ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထင်ရှားပြတ်သားစွာ ခြိမ်းခြောက်လျက်ရှိသည့် တရားမဝင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက်စစ်အုပ်စုအား တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ တိုက်ရိုက် အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည် " လို့ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ တရားဝင်အစိုးရအဖြစ် ရွေးကောက်တင်မြောက်ခံထားရတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ကာ အကြမ်းဖက် စစ်အာဏာရှင်တွေကြောင့် ဒေသတွင်း ယိုယွင်းပျက်စီးနေသော အကျပ်အတည်း အခြေအနေများကို ဖြေရှင်းရာတွင် ပါဝင်ကူညီပေးရမည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

“ တစ်ချိန်တည်းမှာပဲ အာဆီယံဟာ မြန်မာ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မြန်မာလူထု၏ အသံများကို နားထောင်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားရန် ထင်ရှားပြတ်သားသည့် ခြေလှမ်းများကို လျှောက်လှမ်းရမည်ဖြစ်ပါတယ် “ လို့ တိုက်တွန်းရေးသားခဲ့ပါတယ်။

(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်လို့ ဆွေးနွေးခဲ့တာနဲ့ အာဆီယံပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံကို ထည့်သွင်းခဲ့တဲ့အပေါ် NUG က ကြိုဆိုထောက်ခံတယ်လို့လည်း ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်တာနဲ့ပတ်သက်လို့ တိုးတက်မှုကို ပြန်လည်အကဲဖြတ်ဖို့ရာ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ချက်အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိပါတယ်လို့လည်း ရေးသားဖေါ်ပြခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အကြမ်းဖက် စစ်အာဏာရှင်ရဲ့တရားမ၀င်အုပ်ချုပ်မှုကို စဉ်ဆက်မပြတ် ငြင်းပယ်တွန်းလှန်နေတဲ့ နိုင်ငံရေးအတိုက်အခံတွေနဲ့ မြန်မာပြည်သူများအပေါ် စစ်ရာဇ၀တ်မှုများ၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ၎င်းတို့၏ အကြမ်းဖက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်နိုင်စေဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြခဲ့ပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး အစီအစဉ်‌တွေကို တိုးတက်အောင် ‌မဖေါ်ဆောင်နိုင်သမျှ အာဆီယံ အစည်းအဝေးတွေမှာ အာဏာသိမ်း အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို တားမြစ်သွားဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူခဲ့ကြပါသေးတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး #မင်းအောင်လှိုင် #အရေးယူ #NUG #တိုက်တွန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ