MFP ၊ သြဂုတ် - ၂၈
မန္တလေးမြို့မှာ CDM ပြုလုပ်ထားတဲ့ ကလေးအထူးကု ဆရာဝန်တစ်ဦး သြဂုတ်(၂၁)ရက်က စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး လက်ရှိမှာ မန္တလေး နန်းတွင်း စစ်ကြောရေးကို ပို့ဆောင်ခံထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
CDM မှာ ပါဝင်ထားတဲ့ အသက်(၄၀)ကျော်အရွယ် ကလေးအထူးကု အမျိုးသား ဆရာဝန်ကို စစ်အုပ်စုက အကြမ်းဖက် စီးနင်းဖမ်းဆီးသွားပြီး လက်ရှိ မန္တလေး နန်းတွင်း စစ်ကြောရေးကို ပို့ဆောင်ခံထားရတာ တစ်ပတ်ရှိပြီလို့ နီးစပ်သူတွေက ပြောပါတယ်။
“မင်္ဂလာဆေးရုံထဲ ဝင်စီးပြီး ဖမ်းသွားတာ” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ CDM ကလေးအထူးကု ဆရာဝန်ဟာ ယခင်က မန္တလေးမြို့ လမ်း(၃၀)ပေါ်က ဗဟိုအမျိုးသမီး ဆေးရုံမှာ တာဝန်ကျသူ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ CDM ဝန်ထမ်းတွေကို ဥပဒေမဲ့ အငြိုးထားဖိနှိပ်နေပြီး ဖမ်းဆီး သ-တ်-ဖြတ်တာ၊ ထောင်ချတာ၊ ခြိမ်းခြောက်ရန်ပြုတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။
သြဂုတ်(၂၇)ရက် မနေ့ကလည်း မန္တလေး တက္ကသိုလ်ကို စစ်အုပ်စုက အင်အား ရာချီနဲ့ စီးနင်းပိတ်ဆို့ကာ CDM ဝန်ထမ်းတွေကို ပိုက်စိပ်တိုက် ဖမ်းဆီးခဲ့ပြီး သားသမီးမတွေ့ရင် မိဘကိုဖမး၊ မိဘမတွေ့ရင် သားသမီးကို ဖမ်းဆီးရာ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်တွေ အပါအဝင် မန္တလေး တက္ကသိုလ်ထဲ နေထိုင်တဲ့ CDM ဝန်ထမ်း မိသားစု (၃၀)ဝန်းကျင် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒါ့အပြင် မန္တလေး ရတနာပုံ တက္ကသိုလ်က CDM ပညာရေးဝန်ထမ်းတွေကိုလည်း စစ်အုပ်စုက ယခုရက်ပိုင်းအတွင်း စီးနင်းဖမ်းဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေး ဝန်ထမ်းတွေကို အလုပ်က ထုတ်ပစ်ဖို့ ဆေးရုံတွေကို ဖိအားပေးခဲ့တာကြောင့် ရာချီတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အလုပ်ပြုတ်ခဲ့ရပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ထမ်း (၆၀၀၀၀)ကျော် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး ယခု ဇူလိုင်လအထိ CDM ကျန်းမာရေး ဝန်ထမ်း (၃၀၀၀၀)ကျော် ရှိနေတယ်လို့ CDM Medical Network က ဖော်ပြပါတယ်။
စစ်အုပ်စုက CDM ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ - UNOCHA ရဲ့ လက်အောက်ခံ ReliefWeb ရဲ့ ယခုနှစ် မေလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း (၅၆၄)ဦး ဖမ်းဆီးခံခဲ့ရပြီး (၃၆) ဦး သတ်ဖြတ်ခံထား ရတယ်လို့ ဆိုကြောင်း RFA က ဖော်ပြထားတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်ကနေ ဇူလိုင် တတိယပတ်အထိ ခြောက်လအတွင်း နိုင်ငံတဝန်း စစ်အုပ်စုရဲ့ ဖမ်းဝရမ်း ထုတ်ခြင်းခံရတဲ့ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း (၆၀၀)ခန့် ရှိပြီး အဲ့ဒီ ကာလအတွင်း ဆေးကျောင်းသား (၂၂၁)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်မှာ ထုတ်ပြန်ထားပါတယ်။
မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံ (ပုံဟောင်း)/Photo – Wiki
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #CDM #ဆရာဝန် #ဆေးရုံ
မန္တလေးမှာ CDM ကလေးအထူးကု ဆရာဝန်တစ်ဦး ဖမ်းဆီးခံရ၊ စစ်အုပ်စုက CDM ဝန်ထမ်းတွေကို တကျော့ပြန် အငြိုးထား ဖိနှိပ်နေ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024