MFP ၊ စက်တင်ဘာ - ၂၄
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း အကြမ်းဖက်နေတဲ့ စစ်အုပ်စုဟာ ဒီနေ့ တစ်နေ့တည်း တန့်ဆည်နယ်က ကျေးရွာ ခြောက်ရွာကို ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းတွေ တင်ဆက်နေတဲ့ Taze News က ဖော်ပြပါတယ်။
စစ်ကိုင်းမြို့ တပ်မ (၃၃)လက်အောက်ခံ စစ်အုပ်စုဟာ သူတို့ လက်သပ်မွေးထားတဲ့ ပျူတွေနှင့် ပူးပေါင်းပြီး အင်အား (၁၈၀)ခန့်ကို နှစ်ဖွဲ့ခွဲကာ တန့်ဆည်နယ် မြောက်ပိုင်းမှာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာလို့ ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာ (၂၄)ရက်မှာ တန့်ဆည်နယ် မြောက်ပိုင်းက ရွာတွေဖြစ်တဲ့ တဆယ်ကျေး၊ အင်တောသာ၊ သဲစား (အရှေ့)၊ ငှက်ပျောတော၊ အင်းနား၊ သစ်တော်ပေါက် (မြောက်) စတဲ့ ကျေးရွာ ခြောက်ရွာကို စစ်အုပ်စုက ဝင်မွှေလုယက်ကာ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ရွှေဘို၊ တန်ပဆည်နယ်ထဲ ဝင်မွှေသောင်းကျန်းသမျှ စစ်အုပ်စုတွေထဲ အယုတ်မာ အကောက်ကျစ်ဆုံးလို့ ဒေသခံတွေက သတ်မှတ်ထားတဲ့ စစ်ကိုင်း တပ်မ (၃၃)က စစ်အုပ်စုဟာ ယခုရက်ပိုင်း တန့်ဆည်နယ်ထဲ ထင်တိုင်းကျဲ သောင်းကျန်း နေပြီး စက်တင်ဘာ(၁၇)ရက်ကနေ (၂၄)ရက်အထိ ရှစ်ရက်အတွင်း တန့်ဆည်နယ်က ကျေးရွာ (၂၀)ကို ဝင်မွှေလုယက် မီးရှို့ခဲ့ရာ အိမ်ခြေ (၁၀၀၀)ခန့် ပြာကျခဲ့တယ်လို့ ဆိုပါတယ်။
ယခုရက်ပိုင်းအတွင်း စစ်အုပ်စုက လုယက်မီးရှို့သွားတဲ့ တန်ပဆည်နယ်က ကျေးရွာတွေဟာ အုတ်ဖိုအိုင်၊ ရေဦးကုန်း၊ အောင်ချမ်းသာ၊ ဘေရင်း(ရွာသစ်)၊ အင်းပတ်၊ အိုးသည်ကုန်း၊ ဂွေးကုန်း၊ ညောင်လေးပင်၊ နဘက်ငယ်၊ ပေကုန်း၊ တောင်တော၊ သက္ကယ်တန်း၊ နဘက်ကြီး၊ သစ္စေးကုန်း၊ တဆယ်ကျေး၊ အင်တောသာ၊ သဲစား(ရ)၊ ငှက်ပျောတော၊ အင်းနား၊ သစ်တော်ပေါက်(မ) ကျေးရွာတွေ ဖြစ်တယ်လို့ Taze News က ဖော်ပြပါတယ်။
လုယက် မီးရှိုကခံရတဲ့ ရွာတွေထဲက နဘက်ကြီးကျေးရွာမှာ အိမ်အလုံး (၁၃၀)၊ ရေဦးကုန်းရွာမှာ (၉၇)လုံး၊ အင်းဘတ်ရွာမှာ (၅၅)လုံး၊ ပေကုန်းရွာမှာ (၅၁)လုံး မီးလောင်ပြာကျခဲ့ပြီး ကျန်တဲ့ကျေးရွာတွေက စစ်အုပ်စု ဝင်မွှေသောင်းကျန်းနေဆဲ ဖြစ်လို့ စာရင်းအတိအကျ မသိရသေးဘဲ စုစုပေါင်း အိမ်ခြေ (၁၀၀၀)ကျော်မယ်လို့ ခန့်မှန်းထားတယ်လို့ Taze News က ဖော်ပြပါတယ်။ အဲ့ဒီထဲက တချို့ရွာတွေဟာ သုံးကြိမ်မြောက် လုယက် မီးရှို့ခံရတာ ဖြစ်ပြီး ရွာလုံးကျွတ် ပြာကျနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ အုတ်ဖိုအိုင်ရွာက ဒေသခံ (၁၀)ဦး အပါအဝင် ကျေးရွာတွေထဲ တွေ့သမျှ ပြည်သူကို ဖမ်းဆီး ညှဉ်းပန်းပြီး မီးရှို့ သ-တ်-နေတာကြောင့် တန့်ဆည်နယ် ကျေးရွာ(၃၅)ရွာက သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ပြေးနေရပြီး စားသောက်၊ နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
တန်ပဆည်နယ်ဟာ စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ဒေသဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေ အမြဲလိုလို စစ်ပြေးနေရတာ၊ ရွာမီးရှို့ခံရတာ၊ တန်ဘိုးကြီးပစ္စည်း ဓားပြတိုက် လုယက်ခံရတာ စတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေး ကြပ်တည်းကာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဖက်ဆစ်တပ်က တန့်ဆည်မြို့နယ် ကျေးရွာ(၆၆)ရွာက နေအိမ်အလုံး (၂၄၀၀)ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ (၁၀၀)ကျော်ကိုလည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ Taze News က ဖော်ပြပါတယ်။
တန့်ဆည်မြို့နယ် ပေကုန်းကျေးရွာက နေအိမ်တွေကို ဖက်ဆစ်တပ်က ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo – CJ
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #အိမ် #မီးရှို့