ကသာ၊ ရွှေကူ ဧရာဝတီမြစ်တကြောမှာ ဖက်ဆစ်တပ် သောင်းကျန်းနေလို့ မြစ်ကမ်းနေ ပြည်သူတွေ ရှောင်တိမ်းကြဖို့ သတိပေး၊

ကသာ၊ ရွှေကူ ဧရာဝတီမြစ်တကြောမှာ ဖက်ဆစ်တပ် သောင်းကျန်းနေလို့ မြစ်ကမ်းနေ ပြည်သူတွေ ရှောင်တိမ်းကြဖို့ သတိပေး၊

MFP ၊ အောက်တိုဘာ - ၂၃

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ သင်္ဘောတွေဟာ ဒီနေ့ အောက်တိုဘာ(၂၃)ရက် မနက်(၇)နာရီမှာ မိုးတာလေးကနေ ရွှေကူဘက် ဆက်လက်ဆန်တက်လာနေပြီမို့ မြစ်ကမ်းနေ ပြည်သူတွေ ကြိုတင်ရှေင်တိမ်းကြဖို့ ရွှေကူမြို့နယ် မြို့လှ Myohla K-PDF က သတိပေးပါတယ်။

"အကြမ်းဖက်စစ်ကောင်စီ ရိက္ခာသင်္ဘောများဟာ အနီတွေ၊ အဖြူတွေ၊ အစိမ်းတွေ၊ အနက်တွေ၊ ရွေးချယ်ပြီး ပစ်နေတာ မဟုတ်ပါဘူး။ ဘယ်ကောင်သေသေ သူတို့ပထွေး အမိန့်အတိုင်း ရမ်းသမ်း ပစ်ခတ်နေတာမို့ အချိန်မီ ရှောင်တိမ်းထားကြဖို့ မိဘပြည်သူများအား အသိပေးလိုက်ရပါသည်" လို့ မြို့လှ Myohla K-PDF က ဖော်ပြပါတယ်။

မန္တလေးကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ သင်္ဘောခုနှစ်စီးဟာ မန္တလေးအထက် မတ္တရာနယ်က စတင်ပြီး မြစ်ကမ်းဘေး မြို့ရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်တာ၊ ကမ်းကပ်ချိန် အနီးဝန်းကျင်ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး အောက်တိုဘာ(၂၀)ရက်က ထီးချိုင့်ကနေ ကသာဘက် ဆန်တက်လာချိန် မြစ်ကမ်းတလျှောက် သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ကသာနယ် ကျေးရွာတွေက သာသနိက အဆောက်အဦနှင့် နေအိမ် (၁၀)လုံးထက်မနည်း ပျက်စီးခဲ့သလို ကျွဲ၊နွားတွေလည်း သေဆုံးမှု ရှိခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ မြစ်ကမ်းနေ ပြည်သူတွေ အသက်အန္တရာယ် မကျရောက်အောင် ကြိုတင်ရှောင်ရှားကြဖို့နဲ့ အင်တာနက် ဖြတ်တောက်ထားလို့ ပြည်သူတွေ မသိလိုက်ရသူ မရှိအောင် အချင်းချင်း ဆက်သွယ်ပြောကြား ပေးကြဖို့လည်း ကသာ ပကဖ က တိုက်တွန်းထားပါတယ်။

စစ်အုပ်စုဟာ မြစ်ကြောင်းအတိုင်း ဆန်တက်ချိန်တိုင်း မြစ်ကမ်းဘေးရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာ၊ ပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ၊ ထင်တိုင်းကျဲ ရမ်းကားသောက်ကျန်း တာတွေ အမြဲတစေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ထဲ ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ သင်္ဘောတွေနဲ့ မြစ်ကမ်းက ပြည်သူ့အိုးအိမ်နဲ့ သာသနိကအဆောက်အဦတွေကို အကြောင်းမဲ့ ရမ်းကား သောင်းကျန်းထားစဉ်/Photo - မြို့လှ KPDF ၊ ကသာ ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #ရွှေကူ #ဧရာဝတီ #စစ်သင်္ဘော #မြို့လှ #KPDF #မြစ်ကမ်း #ပြည်သူ #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ