မုံရွာမှာ စစ်အုပ်စုနှင့် ပျူတွေ ပူးပေါင်းပြီး ဓားပြတိုက်၊ လုယက်မှုတွေ ကျူးလွန်နေ၊

မုံရွာမှာ စစ်အုပ်စုနှင့် ပျူတွေ ပူးပေါင်းပြီး ဓားပြတိုက်၊ လုယက်မှုတွေ ကျူးလွန်နေ၊

MFP ၊ စက်တင်ဘာ - ၁၃

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုနှင့် ပျူတွေ ပူးပေါင်းပြီး ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်နေတယ်လို့ ဖမ်းမိထားတဲ့ ပျူအဖွဲ့ဝင်တွေက ပြောကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

မုံရွာမြို့နေ ပျူခေါင်းဆောင် မျိုးချစ် ဆိုသူရဲ့ ကားမောင်းဒရိုင်ဘာကို မုံရွာ ပကဖ က ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှာ စစ်အုပ်စုနှင့် စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေ ပူးပေါင်းပြီး မုံရွာမြို့ပေါ်မှာ ဓားပြတိုက် လုယက်တာတွေ ကျူးလွန်နေတယ်လို့ ထွက်ဆိုကြောင်း မုံရွာ ပကဖ က ဆိုပါတယ်။

“မုံရွာမြို့ နှင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထု သိရှိနိုင်ရန် သတင်းထုတ်ပြန်လိုက်ရပါသည်။ ယခု တရားခံ အောင်မျိုးဇော် (ခ) ရဲမင်းဦး သည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှုများ လုပ်ဆောင်နေသော မျိုးချစ် ၏ ကားမောင်းဒရိုင်ဘာ တစ်ဦး ဖြစ်ပါသည်။ ယခုတရားခံ ကဲ့သို့သော မုံရွာမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပူးပေါင်းကာ ခိုးဆိုးလုနှိုက် ဓါပြတိုက် အကြမ်းဖက်နေသော လူပုဂ္ဂိုလ်များ၊ လူရမ်းကားများ၊ လူမိုက်ဂိုဏ်းများကို မုံရွာ မြို့နယ် ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) နှင့် မြို့နယ် ပကဖ တို့ ပူးပေါင်းကား ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ဖမ်းဆီးရမိသော တရားခံများ၏ စစ်ဆေးတွေ့ရှိချက်များကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တို့၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက် ထုတ်ပြန် ကြေညာသွားမည် ဖြစ်သည်” လို့ မုံရွာ ပကဖ က ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်မှာ ဓားပြတိုက် လုယက်မှုတွေ နေ့၊ည အချိန်မရွေး ဖြစ်ပွားနေပြီး ယမန်နေ့က မုံရွာမြို့လည် စစ်အုပ်စုရဲ့ ကင်းဂိတ်ဘေးက ရွှေဆိုင်ကြီးတစ်ဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံခဲ့ရပြီး လက်ဝတ်ရတနာမျိုးစုံ ရွှေ (၁၀)ပိဿာကျော် ဓားပြတိုက် လုယက်ခံလိုက်ရပါတယ်။

မုံရွာမြို့ပေါ် ဖြစ်ပွားတဲ့ ဓားပြတိုက် လုယက်မှု အများစုကို စစ်အုပ်စုက တရားခံ ဖမ်းဆီးနိုင်ခြင်း မရှိဘဲ PDF တွေက ဓားပြတိုက်သာလို့ အစဉ်အမြဲ စွပ်စွဲနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မုံရွာမြို့ပေါ် ဖြစ်ပွားခဲ့တဲ့ လုယက် ဓားပြမှုတွေထဲက တချို့ဖြစ်စဉ်တွေကို စစ်အုပ်စုနှင့် ပျူတွေ ပေါင်းပြီး ကျူးလွန်တာလို့ ပျူအဖွဲ့ဝင်တစ်ယောက်က ထွက်ဆိုကြောင်း မုံရွာ ပကဖ က ရုပ်သံနှင့်တကွ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ဓားပြမှု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ