မန္တလေး သပိတ်တွေမှာ ပါဝင်တဲ့ သံဃာတစ်ပါးနှင့် လူငယ်လေးဦး အကြမ်းဖက် ဖမ်းဆီးခံရ၊ အကြမ်းဖက် ဖိနှိပ်ခံနေရပေမယ့် အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်မယ်လို့ မန္တလေးသပိတ်အင်အားစု ထုတ်ပြန်၊

မန္တလေး သပိတ်တွေမှာ ပါဝင်တဲ့ သံဃာတစ်ပါးနှင့် လူငယ်လေးဦး အကြမ်းဖက် ဖမ်းဆီးခံရ၊ အကြမ်းဖက် ဖိနှိပ်ခံနေရပေမယ့် အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်မယ်လို့ မန္တလေးသပိတ်အင်အားစု ထုတ်ပြန်၊

MFP ၊ အောက်တိုဘာ - ၃၁

စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့ မန္တလေး မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါဝင်လေ့ရှိတဲ့ သံဃသမဂ္ဂ (မန္တလေး)က သံဃာတစ်ပါးနှင့် မန္တလေး သပိတ်အင်အားစုက လူငယ်လေးဦး မနေ့က ညနေပိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ မန္တလေး သပိတ် အင်အားစုက သတင်း ထုတ်ပြန်ပါတယ်။

"သံဃသမဂ္ဂ (မန္တလေး) ၏ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်များဖြစ်ကြသည့် ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့သည် မန္တလေးမြို့၌ မနေ့ (အောက်တိုဘာ ၃၀ ရက် ၂၀၂၂ ခု) တစ်ရက်တည်းမှာပင် အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စု၏ အဓမ္မ ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။ ဤ မန္တလေး သပိတ်တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးရာတွင် ကားဖြင့် အဓမ္မတိုက်ဖမ်းခြင်း၊ အတင်း ရိုက်နှပ်ထိုးကြိတ်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်းလည်း သိရှိရပါသည်။ မနေ့က အဓမ္မ ဖမ်းဆီးခံလိုက်ရသော သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာ‌တော် ဦးကလျာဏ (ခ) ဦးယောကြီးသည် ရဟန်းစာ စာသင်စာချနေသော ငယ်ဖြူ စာချရဟန်းငယ်တပါး ဖြစ်သည်။ အဓမ္မ ဖမ်းဆီးခံခဲ့ရသူ ဆရာတော် ဦးကလျာဏ (ခ) ဦးယောကြီးနှင့် သပိတ်တက်ကြွလှုပ်ရှားသူအားလုံးသည် အသက်အရွယ်အားဖြင့် လူငယ်၊ လူလတ်ပိုင်းများဖြစ်ကြပြီး ကျန်းမာရေး အထူးကောင်းမွန်ကြသူများ ဖြစ်သည်။ အဓမ္မ ဖမ်းဆီးခံရသူအားလုံး၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ပါက အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုသည်သာ လုံးဝ တာဝန်ခံ၊ တာဝန်ယူရမည် ဖြစ်ကြောင်း ကြိုတင်သိစေအပ်သည်" လို့ မန္တလေး သပိတ်အင်အားစုက ဖော်ပြပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာ မန္တလေး သပိတ်အင်အားစုက လူငယ်တစ်ဦးကို စစ်အုပ်စုက ကားနဲ့တိုက်ပြီး ဖမ်းဆီးရာကနေ ဆက်စပ်ပြီး တခြား သပိတ်လူငယ်တွေနှင့် သံဃာတစ်ပါးပါ ဆက်လက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

စစ်အုပ်စုက ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ဖိနှိပ် အကြမ်းဖက်နေပေမယ့် မန္တလေး သပိတ်အင်အားစု အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်မယ်လိုပလည်း ဖော်ပြပါတယ်။

"ဖက်ဆစ်ဝါဒီ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အတိုင်းအဆမရှိ အင်အားသုံး၊ ရက်စက်ယုတ်မာ၍ ပြည်သူ့တော်လှန်ရေးကြီးကို ဖိနှိပ်ဖြိုခွဲနေသော်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာရှင်စနစ် ဟူသမျှ ကျဆုံးရေးတို့အတွက် မိမိတို့အနေဖြင့် ဦးလည်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူလူထု သိစေရန် သတင်း ထုတ်ပြန်ကြေညာအပ်ပါသည်" မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ညှဉ်းပန်း ငွေညှစ်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လပိုင်းကလည်း မန္တလေးက ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့ မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ သံဃာနှင့် လူငယ်တွေကို စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးပြီး ဒီနေ့အထိ သတင်းအမှောင်ချထားကာ အဲ့ဒီ ဖမ်းဆီးခံရတဲ့အထဲက လူငယ်တချို့ကို ညှဉ်းပန်းသတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #သပိတ် #သံဃာ #PeopleStrike 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ