မန္တလေး လမ်း(၃၀) မှားယွင်းပစ်ခတ်မှု Tiger Force Mandalay အဖွဲ့ မိသားစုကို တောင်းပန်

မန္တလေး လမ်း(၃၀) မှားယွင်းပစ်ခတ်မှု Tiger Force Mandalay အဖွဲ့ မိသားစုကို တောင်းပန်

MFP ၊ ဩဂုတ် - ၂၄



မန္တလေးမြို့ လမ်း (၃၀) နဲ့ (၅၇)လမ်းထောင့်မှာ မနေ့က ဖြစ်ပွါးခဲ့တဲ့ မှားယွင်းပစ်ခတ်မှုမှာ သေဆုံးသွားတဲ့မိသားစုနဲ့ ပြည်သူကို ညိုးငယ်စွာ တောင်းပန်တယ်လို့ Tiger Force Mandalay အဖွဲ့ တာဝန်ခံ ဗိုလ်လရောင်က ပြောပါတယ်။



ဖရဲသီးရဲ့ သတင်းပေးမှုအရ CID ရဲမှူး စိုးကိုကိုဟာ စစ်အုပ်စုအတွက် လျှို့ဝှက်စွာ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုင်ကယ်နံပါတ်၊ လူပုံစံ၊ ယူနီဖောင်းနဲ့ပုံ၊ အိမ်အဝင်အထွက် အားလုံး ပေးပို့လာတာကြောင့် စုံစမ်းထောက်လှမ်းခဲ့ရာ အချက်အလက်တွေ ကိုက်ညီတဲ့အတွက် ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး မရည်ရွယ်ဘဲ လူမှားပစ်ခဲ့မိတာကြောင့် အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ Tiger Force Mandalay ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



“ ကျွန်တော်တို့ အချက်အလက်တွေ ပေါက်သွားပြီး လုံခြုံရေးအရ ရှောင်နေရလို့ ခုမှ သေချာစုံစမ်းပြီး တောင်းပန်စာ ထုတ်ရတာပါ၊ ကျွန်တော်တို့က ပြည်သူ ကာကွယ်ဖို့နဲ့ အာဏာရှင်တော်လှန်ဖို့ အတွက်ပဲ လက်နက်ကိုင်တာပါ၊ ခုလို ပြည်သူကို မရည်ရွယ်ဘဲ မှားပစ်မိလို့ အတော်လေး စိတ်ထိခိုက်ရပါတယ်။ နစ်နာသူမိသားစုအတွက်လည်း အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်မိပါတယ်။ သေချာလေ တောင်းပန်ချင်ပေမယ့် လုံခြုံရေးအရ ရှောင်နေရလို့ပါ “ လို့ ဗိုလ်လရောင်က MFP ကို ပြောဆိုပါတယ်။



မှားယွင်းပစ်ခတ်မှုပြီးတဲ့နောက် CID ရဲမှူးဟာလည်း ဖြစ်စဉ်အနီးနားမှာ ရပ်ကြည့်နေခဲ့တယ်လို့ သတင်းပေးတွေပြောဆိုချက်အရ သိရပြီး အခုအခါမှာ ရဲမှူးဟာ မိသားစုနဲ့ပါ အဆက်အသွယ် ပြတ်နေတယ်လို့ ထပ်မံကြားသိရတဲ့အတွက် ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။



မရည်ရွယ်ဘဲဖြစ်သွားတဲ့အမှားအတွက် အခြားမည်သည့်တော်လှန်ရေးအဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ဘဲ မိမိတို့မှာသာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိပြီး နစ်နာသူမိသားစုနဲ့တကွ မိဘပြည်သူတွေကို အနူးအညွတ် တောင်းပန်ပြီး နောင်တစ်ချိန်မှာ အပြစ်အတွက် ခံယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လမ်း၃၀ပစ်ခတ်မှု #မှားယွင်းပစ်ခတ်ခံရ #TigerForceMandalay 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ