စစ်အုပ်စုက စစ်ကိုင်းတိုင်းမှာ တစ်နေ့တည်း ရွာသုံးရွာကို မီးရှို့၊ မူးကမ်းကြီး-ဆူးတပ်ရွာကို သုံးရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ (၁၀၀၀) နီးပါး ပျက်စီးနိုင်

စစ်အုပ်စုက စစ်ကိုင်းတိုင်းမှာ တစ်နေ့တည်း ရွာသုံးရွာကို မီးရှို့၊ မူးကမ်းကြီး-ဆူးတပ်ရွာကို သုံးရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ (၁၀၀၀) နီးပါး ပျက်စီးနိုင်

MFP ၊ ဩဂုတ် - ၁၁

စစ်အုပ်စုက ဩဂုတ်လ (၁၀) ရက် တစ်နေ့တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက ရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်မြို့နယ်ထဲက မြရွာမုံ‌တောင်ရွာက နေအိမ် (၁၀) လုံးနဲ့ ရေဦးမြို့နယ်ထဲက ကုန်းသာရွာ (စာရင်းမသိရသေး)တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီပဲယင်းနယ်ထဲက မူးကမ်းကြီး-ဆူးတပ်ရွာကို သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မူးကမ်းကြီး-ဆူးတပ်ရွာကို သုံးရက်ဆက်တိုက်မီးရှို့မှု ပြည်သူ့နေအိမ် (၅၀၀) နဲ့ (၁၀၀၀) ကြား မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်အတွင်းက သတင်းတွေကို ဦးစားပေးဖေါ်ပြနေတဲ့ ဒီပဲယင်းညီနောင်များ လူမှုကွန်ရက်စာမျက်နှာက ရေးသားဖေါ်ပြခဲ့ပါတယ်။

"မူးကမ်း-ဆူးတပ်ကျေးရွာ အခြေအနေကတော့ အိမ်ခြေ -၅၀၀ နဲ့ ၁၀၀၀ အကြား မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။(စာရင်းကောက်ပြီးမှ အတိအကျသိနိုင်ပါတော့မယ်)ဒီပဲယင်းမြို့နယ်မှာ အကြီးမားဆုံး ထိခိုက်ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်" လို့ ဆိုထားပါတယ်။

စစ်အုပ်စု က မူးကမ်းကြီး-ဆူးတပ်ရွာကို ပြီးခဲ့တဲ့ ဇွန်လ (၁၄) ရက်နေ့က ပထမအကြိမ်ဝင်ရောက်မီးရှို့ခဲ့ရာ ပြည်သူ့ နေအိမ် (၁၆၈) အိမ် မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အတွင်း ဩဂုတ်လ (၁) ရက်ကနေ (၁၀)ရက်နေ့အထိ မြို့နယ် (၇) ခုမှာရှိတဲ့ ရွာပေါင်း (၂၃) ရွာ က နေအိမ်ပေါင်း (၆၂၆) လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားပြည်သူ (၂၈) ဦး ကိုလည်း သ-တ်ဖြ-တ်ခဲ့တယ်လို့ MFP က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီလထဲမှာ မီးလောင်ဆုံးရှုံးမှု စာရင်းမသိရသေးတဲ့ ရွာပေါင်း (၈) ရွာ ကျန်ရှိနေသေးပြီး MFP အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော် ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေအိမ်မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ