ချောင်းဦးမှာ စစ်ကားတန်းကို သုံးကြိမ် မိုင်းဆွဲရာ စကစ အနည်းဆုံး သုံးယောက်သေ၊ စစ်အုပ်စုက ပြည်သူတစ်ဦးကို သတ်ပြီး ကားလုယက်ကာ စကစအလောင်းတွေ ပြန်သယ်သွားဟုဆို၊

ချောင်းဦးမှာ စစ်ကားတန်းကို သုံးကြိမ် မိုင်းဆွဲရာ စကစ အနည်းဆုံး သုံးယောက်သေ၊ စစ်အုပ်စုက ပြည်သူတစ်ဦးကို သတ်ပြီး ကားလုယက်ကာ စကစအလောင်းတွေ ပြန်သယ်သွားဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ စစ်ကိုင်း - မုံရွာကားလမ်းမှာ ဒီနေ့လည်ပိုင်း စစ်ကားတန်းကို သုံးနေရာမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး သုံးယောက် သေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၇)ရက်၊ နေ့လည်(၂)နာရီနဲ့ (၃)နာရီကြားမှာ မုံရွာကနေ စစ်ကိုင်းဘက်လာတဲ့ စစ်ကားလေးစီးကို ပဒေသာမိုင်း (၁၅)လုံး၊ စစ်ကိုင်းကနေ မုံရွာဘက်သွားတဲ့ စစ်ကား (၁၀)စီးကို ပဒေသာမိုင်း ခြောက်လုံးနဲ့၊ စုစုပေါင်း သုံးနေရာမှာ အဒေသာမိုင်း (၂၁)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ချောင်းဦးမှ စစ်ကိုင်းသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ခွေးကား(၄) စီးအား ငါးယှန်နှင့် နတ်ရေကန်ကြားတွင် မိုင်း နှစ်နေရာဖြင့် ကြိုဆိုခဲ့သည်။ ပထမတစ်နေရာတွင် ပဒေသာမိုင်း ခုနှစ်လုံးနှင့် ဒုတိယနေရာတွင် ပဒေသာမိုင်း ရှစ်လုံးကို ထားရှိပြီး အဆိုပါကား လေးစီးကို မိုင်းဆွဲလိုက်ရာ နှစ်စီးမြောက်နှင့် သုံးစီးမြောက်ကားတို့မှာ ပဒေသာမိုင်း ထိသွားခဲ့သည်။ ထို့ဖြစ်စဉ်တွင် အကြမ်းဖက်စစ်ခွေး သုံးကောင် ဘဝပြောင်းသွားကြပြီး တစ်ကောင်မှာ အပြင်းအထန် ဒဏ်ရာများ ရရှိသွားခဲ့ပါသည်" လို့ မြောင် CDSOM က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့၊ CDSOM ၏ အနောက်/မြောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး ဗိုလ်စကြာအဖွဲ့၊ One PDF ၊ Young Fighters People’s Defense Force - YFPDF ၊ အမျိုးသမီးစစ်သည်တော် တပ်ရင်း(မြောင်)-M2W ၊ နှင့် ဒီမိုပြောက်ကျား အဖွဲ့စတဲ့ မဟာမိတ်တွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ စကစတွေ မိုင်းထိသေပြီးနောက် စစ်အုပ်စုက ခရီးသွားပြည်သူရဲ့ ကားတစ်စီးကို ပစ်ခတ်တားဆီးကာ ကားကိုလုယက်ပြီး စကစ အလောင်းတွေ တင်သွားတယ်လို့ ဆိုပါတယ်။

"ဘဝပြောင်းသွားသည့် အကြမ်းဖက်စစ်ခွေးများ တင်ရန် စစ်ကိုင်းဘက်မှ လာသော ပြည်သူ့ ကားအား တားရာ ရပ်တန့်ခြင်း မရှိသဖြင့် အကြမ်းဖက်နည်းဖြင့် ပစ်ခတ်ရပ်စေခဲ့သောကြောင့် အပစ်မဲ့ပြည်သူဖြစ်သည့် ကားဒရိုင်ဘာ သေဆုံးသွားခဲ့ပါသည်။ ပြည်သူ့ကားကို အသုံးပြု၍ စစ်ခွေး အသေများအား ချောင်းဦးဘက်သို့ သယ်ဆောင်သွားခဲ့ပါသည်"လို့ မြောင် CDSOM က ဖော်ပြပါတယ်။

မြောင်အမျိုးသမီး စစ်သည်တော်တပ် - M2W က ထုတ်လုပ်တဲ့ ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက ပြည်သူကို သတ်ကာ ကားလုယက်သွားပေမယ့် မိုင်းထိပြီး ပျက်စီးတဲ့ ကားတွေကိုတော့ လမ်းဘေးမှာ ဒီအတိုင်း ချန်ထားခဲ့တယ်လို့ မြောင် CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။

"ပျက်စီးသွားသော ခွေးကား နှစ်စီးမှာ လမ်းဘေးတွင် ယခုထိ ရှိနေပါသည်။ ခွေးများမှ စက်သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ကြပေမယ့် ကျနော်တို့ရဲဘော်များ တစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လာခဲ့ကြပါသည်" လို့ ကိုနွေဦးက ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်ကိုင်းကနေ မုံရွာဘက် လာတဲ့ စစ်အုပ်စုရဲ့ ကား(၁၀)စီးကိုလည်း နေ့လည်(၂)နာရီ (၁၀)မိနစ်အချိန် ဝမ်းပြည့်ကျေးရွာအနီးမှာ ပဒေသာမိုင်း သုံးလုံး၊ (၂)နာရီ (၅၀)မိနစ်အချိန် ရေပိုးစားနှင့် နတ်ရေကန်ရွာအကြားတွင် ပဒေသာမိုင်း သုံးလုံးနဲ့ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား(၁၀)တန်းထဲက လေးစီးမြောက်ကားနဲ့ ကိုးစီးမြောက်ကားတွေ မိုင်းထိပေမယ့် အသေအပျောက် စာရင်း မသိရသေးဘူးလို့ မြောင် CDSOM က ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကိုတော့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM ၊ Black Eagle Defence Force –MMU ၊ Myinmu Civil Revolution Force – CRF ၊ Myinmu၊ People’s Defence Force Myinmu – MMU PDF၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ စတဲ့ မဟာမိတ်အဖွဲများနှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ (၂) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #စစ်ကား #မိုင်းဆွဲ #CDSOM 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ