ဟုမ္မလင်းက သပိတ်ခေါင်းဆောင် အပါ လူငယ်လေးဦး ဖမ်းဆီးခံရပြီး စစ်ကြောညှဉ်းပန်း ခံနေရလို့ အသက်အန္တရာယ် စိုးရိမ်နေရ၊

ဟုမ္မလင်းက သပိတ်ခေါင်းဆောင် အပါ လူငယ်လေးဦး ဖမ်းဆီးခံရပြီး စစ်ကြောညှဉ်းပန်း ခံနေရလို့ အသက်အန္တရာယ် စိုးရိမ်နေရ၊

MFP၊ သြဂုတ် - ၂၁

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာက လူထုသပိတ် ဦးဆောင်သူ ကိုမျိုးသန်းထွဋ် အပါအဝင် လူငယ်လေးဦးကို စစ်အုပ်စုက ဖမ်းဆီးထားပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနေလို့ ဖမ်းဆီးခံရသူ လေးဦးအတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပ.အ.ဖ က အသိပေး ထုတ်ပြန်ပါတယ်။

နောင်ပိုအောင် သပိတ်ခေါင်းဆောင် ကိုမျိုးသန်းထွဋ်နှင့် လူငယ်သုံးဦးဟာ တော်လှန်ရေး အတွက် ကချင်ပြည်နယ်ထဲ သွားရောက်ခဲ့ပြီးနောက် အပြန်ခရီးအဖြစ် ပြီးခဲ့တဲ့ သြဂုတ်(၁၅)ရက်က ဟိုပင်မြိုမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာလို့ ဆိုပါတယ်။

"အဆက်အသွယ် ပြတ်တာကတော့ (သြဂုတ်) (၁၅)ရက် ည‌နေ ကတည်းကပါ။ စုံစမ်းရင်း အဖမ်းခံရတာ အတည်ပြုနိုင်တာက နောက်ကျပါတယ်။ အတည်ပြုလို့ ရရချင်း ထုတ်ပြန်တာပါ"လို့ ဟုမ္မလင်း ပ.အ.ဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဖမ်းဆီးခံ လူငယ်တွေကို မိုးကောင်းမြို့မှာ စစ်ကြောညှဉ်းပန်းနေပြီး လူငယ်လေးဦးအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဟုမ္မလင်း ပအဖ က ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၁)ရက်ကလည်း ဟုမ္မလင်းနယ်က သပိတ်ခေါင်းဆောင်၊ ရှမ်းနီလူငယ်တစ်ဦးဖြစ်သူ ကိုကျော်ဝင်းစိန်ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပါသေးတယ်။ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ဟာ ကျန်းမာရေးကိစ္စအတွက် မန္တလေးမြို့ကိုအသွား လေဆိပ်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ဟုမ္မလင်းကို လေယာဉ်နဲ့ ပြန်ပို့လိုက်တယ်လို့ သတင်းထွက်ပေမယ့် ဖမ်းဆီးခံရပြီးနောက် ရက်(၂၀)ကြာချိန်အထိ စစ်အုပ်စုက ကိုကျော်ဝင်းစိန်ကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ကိုမျိုးသန်းထွဋ်နှင့် လူငယ် သုံးဦး အပါအဝင် ဟုမ္မလင်းမြိုနယ်အတွင်းက နွေဦးတော်လှန်ရေးမှာ ပါဝင်ပြီး ဖမ်းဆီးခံရသူတွေ၊ ကျဆုံးသူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပေမယ့် တစ်ဖက်ကလည်း ဂုဏ်ယူမိတယ်လို ဟုမ္မလင်း မြိုနယ် ပ.အ.ဖ က ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ပြည်သူတွေနှင့်အတူ တော်လှန်ရေးပန်းတိုင် ရောက်တဲ့အထိ မဆုတ်မနစ် ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားမယ်လို့လည်း ဟုမ္မလင်း မြို့နယ် ပအဖ က အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ညှဉ်းပန်းခံနေရတဲ့ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် သပိတ်ခေါင်းဆောင် ကိုမျိုးသန်းထွဋ်/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဟုမ္မလင်း #ကချင် #ဟိုပင် #မိုးကောင်း #လူထုသပိတ် #သပိတ်ခေါင်းဆောင် #လူငယ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ