မန္တလေးက ပညာရေးသပိတ်ဦးဆောင်သူ ဆရာမ ဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက ထောင်ဒဏ် သုံးနှစ် ထပ်တိုး ချမှတ်၊ ရုံးထုတ် စစ်ဆေးတာ မရှိဘဲ အမှုနှစ်မှုအတွက် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခြင်းဖြစ်၊

မန္တလေးက ပညာရေးသပိတ်ဦးဆောင်သူ ဆရာမ ဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက ထောင်ဒဏ် သုံးနှစ် ထပ်တိုး ချမှတ်၊ ရုံးထုတ် စစ်ဆေးတာ မရှိဘဲ အမှုနှစ်မှုအတွက် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခြင်းဖြစ်၊

MFP ၊ အောက်တိုဘာ - ၁၄

မန္တလေးမြို့က ပညာရေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပညာရေးတက္ကသိုလ် မဟာဘွဲ့ရ၊အထက်တန်းပြဆရာမ ဒေါ်သက်ဆုလှိုင်ကို အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထားရာကနေ ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် သုံးနှစ် ထပ်တိုး ချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံထားရတယ်လို့ အခြေခံပညာရေးဝန်ထမ်းများ အထွေထွေ သပိတ်ကောင်မတီ (BEGSC)က သတင်း ထုတ်ပြန်ပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ကို အာဏာသိမ်း စစ်အုပ်စုက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ အကြမ်းဖက်ပုဒ်မ ၅၂(က)၊ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲခဲ့ပြီး စစ်ကောင်စီ သစ္စာခံ တရားသူကြီးတွေက အကြမ်းဖက်ပုဒ်မအတွက် ထောင်ဒဏ် ငါးနှစ်နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် သုံးနှစ်၊ စုစုပေါင်း ရှစ်နှစ် ချမှတ်တာဖြစ်တယ်လို့ BEGSC က ဆိုပါတယ်။

“ ရုံးထုတ်စစ်ဆေးကာ အမိန့်ချသည်ကို မိသားစုဝင်များ မသိလိုက်ရသည့်အတွက် မည်သည့်နေ့က အမိန့်ချခဲ့သည်ကိုမူ အတိအကျမသိရပါ “ လို့ BEGSC က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဆရာမ ဒေါ်သက်ဆုလှိုင်ကို စွဲဆိုထားတဲ့ ပုဒ်မနှစ်ခုစလုံးအတွက် ရုံးထုတ်စစ်ဆေးခြင်း မရှိဘဲ မျက်ကွက်အမိန့် ချမှတ်ခဲ့တာ ဖြစ်တယ်လို့လည်း BEGSC က ဆိုပါတယ်။

အခြေခံပညာရေး ဝန်ထမ်းများ အထွေထွေသပိတ် ကောင်မတီရဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ(၃၀)ရက်၊ ည (၁၀)နာရီမှာ မန္တလေးမြို့ပေါ်က Safe House နေအိမ်တစ်လုံးမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဆရာ ဒေါ်စုလှိုင်နဲ့ အတူအခြား BEGSC ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ကိုနောင်ထက်အောင်၊ ဆရာ နိုင်းသီဟကျော်၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင် အထက်တန်းပြဆရာ ရန်စိုးပိုင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဆရာမနဲ့အတူ ဖမ်းဆီးခံရသူတွေထဲက ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ကိုနောင်ထက်အောင်ကို ပုဒ်မ ၅၀၅(က)အတွက် ဩဂုတ်(၁၀)ရက်မှာ စစ်အုပ်စုက ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မန္တလေး အိုးဘိုထောင်ကနေ တောင်ကြီးမြို့နယ် တောင်လေးလုံး အကျဉ်းထောင်ကို ပို့ဆောင်ခံထားရပါတယ်။

ဒါ့အပြင် ဆရာ နိုင်းသီဟကျော်ကိုလည်း စစ်အုပ်စုက ဩဂုတ်(၁၁)ရက်မှာ ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် သုံးနှစ်၊ ဩဂုတ်(၁၇)ရက်မှာ ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ထားပါတယ်။

အလားတူ အထက်တန်းပြဆရာ ကိုရန်စိုးပိုင်ကိုလည်း စစ်အုပ်စုက ပုဒ်မ ၅၀၅(က) အမှုအတွက် ဩဂုတ်(၁၇)ရက်မှာ ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၅၂(က)အမှုအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပညာရေးဝန်ထမ်း #ပညာရေးသပိတ် #ထောင်ဒဏ်ချမှတ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ